သာမန် အရပ်သား ချစ်သူနဲ့ လက်ထပ်ထိမ်းမြားမယ့် ဂျပန် မင်းသမီး မာ့ကို

ဓာတ်ပုံ ရင်းမြစ်, Getty Images
အငြင်းပွားဖွယ်ရာတွေ ကိစ္စတွေနဲ့ နှစ်အတန်ကြာ ရင်ဆိုင်ခဲ့အပြီးမှာ ဂျပန် တော်ဝင်မင်းသမီး မာ့ကိုဟာ သူ့ရဲ့ ကျောင်းနေဖက် အတန်းဖော် သာမန်အရပ်သား ဖြစ်တဲ့ ချစ်သူနဲ့ ထိမ်းမြားလက်ထပ်တော့မှာ ဖြစ်ပါတယ်။
ဒီအောက်တိုဘာလထဲမှာပဲ လက်ထပ်ကြမှာ ဖြစ်ပြီး မင်းသမီး မာ့ကိုဟာ သူ့ရဲ့ တော်ဝင်ဆိုတဲ့ ထီးရိုးနန်းနွယ်တွေပဲ သုံးခွင့်ရှိတဲ့ ဂုဏ်ဒြပ်ကိုပါ စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။
ဘုရင့် အိမ်တော်ရေးရာ အေဂျင်စီက မင်္ဂလာပွဲကို လာမယ့် အောက်တိုဘာလ ၂၆ ရက်မှာ ကျင်းပမှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို အစက ၂၀၁၈ မှာ ကျင်းပဖို့ စီစဥ်ထားခဲ့ကြတာပါ။ ဒါပေမယ့် မစ္စတာ ကိုမူရို ရဲ့ မိသားစုမှာ ဘဏ္ဍာရေး အခက်အခဲတွေ ကြုံလာခဲ့ရတဲ့ အတွက် အခုလို နောက်ဆုတ်ခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ဟာ လက်ထပ်ပြီးတဲ့ အခါ မစ္စတာ ကိုမူရို ရှေ့နေတယောက်အဖြစ် အသက်မွေး ဝမ်းကြောင်း ပြုနေတဲ့ အမေရိကန် ပြည်ထောင်စုကို ပြောင်းရွှေ့ အခြေချကြမယ်လို့ ခန့်မှန်းရပါတယ်။
သူတို့ရဲ့ နေထိုင် သွားလာမှုတွေနဲ့ ပတ်သက်လို့ ဒေသတွင်း မီဒီယာတွေကလည်း အကျယ်တဝင့် ဖော်ပြနေကြတာ ဖြစ်ပါတယ်။
အိမ်ရှေ့စံ မင်းသား ဖူမီဟီတိုရဲ့ သမီးတော် ဖြစ်တဲ့ မင်းသမီး မာ့ကို နဲ့ မစ္စတာ ကိုမူရို့ မိသားစုတို့နဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။ အဲဒီလို ဖော်ပြမှုတွေကြောင့်ပဲ မင်းသမီးမှာ စိတ်ဒဏ်ရာကြောင့် နောက်ဆက်တွဲဖြစ်တဲ့ စိတ်နဲ့ ခံစားမှုဆိုင်ရာ တင်းကြပ်တဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်လို့ ဘုရင့် အိမ်တော်ရေးရာ အေဂျင်စီက ဆိုကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြထားပါတယ်။
သူ့ ကြီးဒေါ်တော်စပ်သူ ဧကရီ မာဆာကို ဟာလည်း ထီးနန်းဆက်ခံဖို့ သားတော်လေး ဖွားမြင်ပေးဖို့ အတွက် ဖိအားတွေ အကြီးအကျယ် ခံစာခဲ့ရလို့ ဒီလိုပဲ စိတ်ဖိစီးမှုကြောင့် ရတဲ့ ဝေဒနာတွေ ခံစားခဲ့ရဖူးပါတယ်။ ဂျပန်မှာ တခါတရံ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ အပြစ်ဆိုစရာလို ရှုမြင်တတ်တဲ့ အလေ့လည်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၂ က တိုကျိုမြို့က International Christian University မှာ ကျောင်းတက်နေကြစဉ်မှာ ဆုံစည်းခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ စေ့စပ်ကြောင်းလမ်းခဲ့ကြပြီး နောက်တနှစ်အကြာမှာ လက်ထပ်ဖို့ အတွက် စီစဉ် ထားခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့် မစ္စတာ ကူမိုရိုရဲ့ မိခင်ဖြစ်သူရဲ့ ငွေကြေး ပြဿနာတွေ ပေါက်ကြားလာခဲ့ပါတယ်။ သူ့မိခင်ဖြစ်သူဟာ တချိန်က ရည်ငံခဲ့ဖူးသူဆီက ငွေချေးထားပြီး ပြန်မဆပ်ဘဲ နေခဲ့တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။
နန်းတော်ဘက်ကတော့ မင်္ဂလာပွဲ ရက်ရွှေ့ရတာ ဒီကိစ္စကြောင့်မဟုတ်ပါဘူးလို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် အိမ်ရှေ့စံမင်းသား ဖူမီဟီတိုကတော့ မင်္ဂလာပွဲ မကျင်းပခင်မှာ ငွေကိစ္စတွေကို အရင်ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်ဖို့ အရေးကြီးတယ်လို့ ပြောထားပါတယ်။
မင်းသမီး မာ့ကိုက သူ့ထီးရိုးနန်းနွယ် တော်ဝင် အဆင့်အတန်းကို စွန့်လွှတ်တဲ့ အတွက်ကြောင့် အစဉ်အလာအားဖြင့် သူ့ကို ပေးမယ့် ယန်းငွေ သန်း ၁၅၀ ကို မယူခဲ့ဘူးလို့လည်း သိရပါတယ်။ နောက်ပြီး သူ့ မင်္ဂလာပွဲမှာလည်း တော်ဝင်မိသားစုဝင်တွေရဲ့ မင်္ဂလာပွဲတွေမှာ ကျင်းသုံးတဲ့ ထုံးတမ်းဓလေ့တွေကို ကျင့်သုံးမှာ မဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။
တကယ်လို့သာ သူဟာ ပေးတဲ့ ငွေကိုလည်း မယူ၊ ဓလေ့ထုံးတွေကိုလည်း မကျင့်သုံးဘူးဆိုရင် သူဟာ တော်ဝင် မိသားစုဝင်တွေထဲမှာ ဒီလို ပြုမူတဲ့ ပထမဆုံး အမျိုးသမီး တယောက်ဖြစ်လာမှာပါ။ ဂျပန်ပြည်ရဲ့ ဥပဒေတွေအရ တော်ဝင်မိသားစုက အမျိုးသမီး တယောက်ဟာ သာမန် အရပ်သားနဲ့ လက်ထပ် ထိမ်းမြားမယ်ဆိုရင် တော်ဝင် အဆင့်အတန်းကို စွန့်လွှတ်ရမယ်လို့ ပြဋ္ဌာန်းသတ်မှတ် ထားပါတယ်။

ဂျပန်ရဲ့ ဟယ်ရီနဲ့ မေဂန်
ကေး ကိုမူရိုဟာ မင်္ဂလာပွဲ ကိစ္စ မကြေငြာခင် ဒီသီတင်းပတ် အစောပိုင်းမှာ တိုကျိုမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ မြင်းမြီးပုစံ ဆံပင်ကို စည်းထားတဲ့ သူ့ပုံရိပ်တွေက မီဒီယာတွေမှာ ဟိုးလေး တကြော်ဖြစ်လို့ သွားခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် မာရီကို အိုအိက ပြောပါတယ်။
အပြင်အဆင် အသွင်သဏ္ဍာန်ကို အလေးထားကြတဲ့ တိုင်းပြည်မှာ သူ့ ဆံပင် ပုံစံကြောင့် တချို့က ဒါကို ကြည့်ရင် သူဟာ မင်းသမီးလေး မာ့ကိုနဲ့ လက်ထပ်ဖို့ မအပ်စပ်ဘူးဆိုတာကို သက်သေပြနေတာပဲလို့ ပြောလာကြပါတယ်။
ဒါကို ကြည့်ရင်ပဲ သူတို့ နှစ်ဦးဟာ စေ့စပ်ကြောင်းလမ်းပြီးချိန်ကတည်းက လူထုရဲ့ တစေ့တစောင်း စောင့်ကြည့်မှုတွေနဲ့ ဖိအားတွေကို ဘယ်လောက် ရင်ဆိုင်နေရသလဲ ဆိုတာကို သိနိုင်ပါတယ်။
မိခင်ဖြစ်သူရဲ့ ငွေကြေး ပြဿနာတွေနဲ့ တော်ဝင်မိသားစုနဲ့ ပတ်သက်လို့သာ အမေရိကန်ပြည်ထောင်စုက ဥပဒေကျောင်းမှာ တက်ခွင့်ရခဲ့တာ ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေပြန်ပါတယ်။
တဖက်မှာတော့ ဒီလို တော်ဝင်မိသားစုဝင်နဲ့ စေ့စပ်မိတဲ့ နောက်မှာ မီဒီယာရဲ့ ကြီးမားတဲ့ ဖိအားကို ကြံ့ကြံ့ခံနေနိုင်တဲ့ အတွက် သူတို့ စုံတွဲကို ထောက်ခံအားပေးကြသူတွေက သူ့ကို ချီးမွမ်းကြပါတယ်။ နောက်ပြီး သူတို့ လက်ထပ်ပြီးရင် အမေရိကန်ပြည်ထောင်စုကို ပြောင်းနေကြမယ်ဆို ဆိုတာကြောင့်လည်း သူတို့ စုံတွဲကို ဂျပန်ရဲ့ ဟယ်ရီနဲ့ မေဂန်လို့တောင် တင်စားနေကြပါတယ်။
ဗြိတိသျှ တော်ဝင်မိသားစုဝင်တွေလောက် လူစိတ်ဝင်စားမှု မရပေမယ့် လူသိရှင်ကြားဖြစ်ခဲ့တဲ့ သူတို့ နှစ်ဦးရဲ့ မေတ္တာခရီးဟာလည်း ကမ္ဘာ့ သက်တမ်းအရှည်ဆုံး ထီးနန်းမင်းဆက် တခုရဲ့ ကြုံတောင့်ကြုံခဲ လူစိတ်ဝင်စားစရာ ဇာတ်လမ်း တပုဒ်သဖွယ် ဖြစ်လာနေပါတယ်။











