လာမယ့် မေလ ၁ ရက် ဂျပန်အိမ်ရှေ့မင်းသား နာရူဟီတို ထီးနန်းဆက်ခံမယ်

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES
- ရေးသားသူ, BBC Monitoring
- ရာထူးတာဝန်, The world through its media
ဂျပန်နိုင်ငံမှာ မေလ ၁ ရက်နေ့မှာ အိမ်ရှေ့မင်းသား နာရူဟီတိုက ထီးနန်းအရိုက်အရာ လွှဲပြောင်းယူတော့မှာ ဖြစ်ပါတယ်။
သူ့ခမည်းတော် ဘုရင်မင်းမြတ် အကီဟီတို ဟာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ထီးနန်း စွန့်လွှတ်ပေးတဲ့ ပထမဆုံး ဂျပန် ဧကရာဇ်ဘုရင် ဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့မှာ လက်ရှိ ဟေဆေး မင်းဆက် ဆုံးခန်းတိုင်မှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ နောက်ဆုံး ထီးနန်းစွန့်ခဲ့တဲ့ ဘုရင်က ဘုရင်မင်းမြတ် ကိုကာကူ ဖြစ်ပြီး ၁၈၁၇ ခုနှစ်မှာ နန်းစွန့်ခဲ့တာပါ။ အဲဒီအချိန်ကစလို့ ဂျပန် ဘုရင်မင်းမြတ်တွေဟာ သူတို့ နတ်ရွာစံတဲ့အထိ ထီးနန်း စိုးစံသွားခဲ့ပါတယ်။
အခု ထီးနန်းဆက်ခံမယ့် အိမ်ရှေ့မင်းသား နာရူဟီတို ဟာ သူ့အရင် ရှေးရိုးထုံးစံ ဘုရင်မင်းမြတ်တွေနဲ့ မတူဘဲ ကွာခြားမှုတွေ ရှိနေပါတယ်။
အိမ်ရှေ့မင်းသား နာရူဟီတို ဟာ ရှေးရိုးထုံးစံ ဂျပန် တော်ဝင်မိသားစုတွေလို မဟုတ်ဘဲ သူ့မိသားစုနဲ့ သူ့ရဲ့ ပညာရှင်ဘဝ ကို ဦးစားပေး နေထိုင်နေခဲ့တာပါ။
အခု ထီးနန်း အရိုက်အရာ ရလာချိန်မှာ အိမ်ရှေ့မင်းသား နာရူဟီတို အနေနဲ့ ပြောင်းလဲလာနေတဲ့ လောကကြီးနဲ့ အညီ လိုက်ကျင့်သုံး နေထိုင်ဖွယ် ရှိပေမယ့် တဖက်မှာလည်း သူ့အရင် ဘုရင်မင်းမြတ်တွေရဲ့ အမွေအနှစ် ထုံးစံတွေကို ဆက်လက် ထိန်းသိမ်းသွားရဖွယ် ရှိတယ်လို့ လည်း အကဲခတ်တွေက သုံးသပ်နေပါတယ်။
ပညာရှင်တဦးအဖြစ် ကိုယ်ရောစိတ်ပါ နှစ်ထားသူ
အသက် ၅၉ နှစ်အရွယ် အိမ်ရှေ့မင်းသား နာရူဟီတို ဟာ တခြား ဂျပန် ဘုရင်မင်းမြတ်တွေနဲ့ အတော်လေး ကွာခြားတဲ့ တော်ဝင် မိသားစုကနေ ကြီးပြင်းလာတာပါ။
သူ့ခမည်းတော်လို မဟုတ်ဘဲ မင်းသား နာရူဟီတို ဟာ မွေးကတည်းက အိမ်ရှေ့စံ မင်းသား အရိုက်အရာကို ရထားခဲ့သူ ဖြစ်ပြီး ငယ်ငယ်ကတည်းက စိတ်ကူးအိပ်မက် မက်ခဲ့တဲ့အတိုင်း သူစိတ်ပါဝင်စားတဲ့ ပညာရေးကို လိုက်စားခွင့် ရခဲ့ပါတယ်။
တိုကျိုမြို့က နာမည်ကြီး ဂါကူရှူအင် တက္ကသိုလ်ကနေ သမိုင်း ဘာသာရပ်နဲ့ ဒီဂရီဘွဲ့ ရခဲ့အပြီး အိမ်ရှေ့မင်းသား နာရူဟီတို ဟာ ယူကေနိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် မာတန် ကောလိပ်မှာ ၁၉၈၃ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ ဆက်လက် ပညာ ဆည်းပူးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES
သိမ်းမြစ်ပေါ်က သယ်ယူပို့ဆောင်ရေးသမိုင်း အကြောင်း အထူးသဖြင့် ရေလမ်းခရီးအကြောင်းကို သူလေ့လာ ဆည်းပူးခဲ့ပြီး ပါရဂူဘွဲ့အတွက် သုတေသန ပြုမှုတွေကို ဂါကူရှူအင်မှာ ဆက်လုပ်ခဲ့ပါတယ်။
အောက်စဖို့ဒ် တက္ကသိုလ်မှာ ပညာဆည်းပူးခဲ့တဲ့ နှစ်ကာလတွေဟာ အိမ်ရှေ့မင်းသား နာရူဟီတိုအတွက် အထူး အမှတ်ရစရာ နှစ်တွေ ဖြစ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ရေးသားခဲ့တဲ့ "သိမ်းမြစ်နဲ့ ကျွန်တော်" ဆိုတဲ့ သူ့ရဲ့ ဘဝမှတ်တမ်း စာအုပ်ထဲမှာ အဲဒီအချိန်ဟာ သူ့ဘဝရဲ့ "အပျော်ရွှင်ဆုံးအချိန်" ဖြစ်တယ်လို့ ရေးထားပါတယ်။
အိမ်ရှေ့စံ မင်းသားတစ်ဦးရဲ့ တာဝန်တွေကို ၁၉၉၁ ခုနှစ်ကစလို့ ပိုဆောင်ရွက်လာခဲ့ပေမယ့် သူဝါသနာ ပါရာ ကမ္ဘာတဝန်း ရေလမ်းခရီးကိစ္စ အကြောင်းကို ကိုယ်ရောစိတ်ပါ နှစ်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ သူဟာ ရေနဲ့ သန့်စင်မှု ဆိုင်ရာ ကုလသမဂ္ဂ အကြံပေး ဘုတ်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ အဖြစ် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါတယ်။
မိသားစုအတွက် အချိန်ပေးသူ
ဂျပန် တော်ဝင်ထုံးစံအရ ထီးနန်းအရိုက်အရာ ခံယူမယ့် အိမ်ရှေ့စံမင်းသားတွေဟာ တော်ဝင် မှူးကြီးမတ်ရာတွေရဲ့ ထိန်းကျောင်းမှုအောက်မှာ နေထိုင်ရလေ့ ရှိတာ ဖြစ်ပေမယ့် မင်းသား နာရူဟီတိုကေတာ့ အသက် ၃၀ အရွယ်အထိ မိသားစုနဲ့ အတူနေထိုင်ခဲ့ပါတယ်။
ဒီထုံးစံဟာ ကိုယ့်မိသားစု ပုဂ္ဂိုလ်ရေးထက် ပြည်သူတွေအပေါ် ပိုအလေးထားတတ်အောင် လုပ်ပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ရှေ့မင်းသား နာရူဟီတို မွေးလာချိန်မှာတော့ ခေတ်တွေ ပြောင်းလာခဲ့ပြီး မိသားစုအရေးကလည်း အလားတူ အရေးပါတယ်လို့ ယူဆလာနေကြပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကြင်ယာတော် မင်းသမီး မာဆာကို စိတ်ကျ ဝေဒနာ ခံစားရခဲ့ချိန်မှာတော့ အိမ်ရှေ့စံမင်းသား နာရူဟီတိုအတွက် မိသားစုအရေးက ရှေ့တန်း ရောက်လာခဲ့ပါတယ်။
သံတမန်ဟောင်း တစ်ဦးဖြစ်သူ မင်းသမီး မာဆာကိုဟာ တော်ဝင် မင်းသမီးဘဝရဲ့ သောက ဖိစီးမှုကြောင့်ရော ထီးနန်းဆက်ခံမယ့် သားတော် မွေးပေးဖို့ ဖိအားတွေကြောင့်ပါ ၂၀၀၄ ခုနှစ်မှာ စိတ်ကျ ဝေဒနာ ခံစားခဲ့ရပါတယ်။
အဲဒီအချိန်မှာ အိမ်ရှေ့မင်းသား နာရူဟီတိုဟာ သူတို့ရဲ့ သမီးတော် မင်းသမီး အိုက်ကို ကို ပြုစုစောင့်ရှောက်ရာမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပါတယ်။ လူထု တာဝန်တွေကို လစ်လျူရှုထားတယ် ဆိုပြီး ကြင်ယာတော် မင်းသမီး မာဆာကို အပေါ် ဝေဖန်ပြောဆိုမှုတွေကိုလည်း ပြင်းပြင်းထန်ထန် ကာကွယ် ပြောဆိုခဲ့ပါတယ်။
သမီးတော် မင်းသမီး အိုက်ကို ဟာလည်း ထီးနန်း အရိုက်အရာ ဆက်ခံရေးနဲ့ ပတ်သက်လို့ အဓိကထား အခြေအတင် အငြင်းပွားစရာ ဖြစ်ခဲ့ရပါတယ်။ ၁၉၄၇ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဂျပန်ထီးနန်း ဥပဒေအရ အမျိုးသားတွေသာ ထီးနန်း ဆက်ခံခွင့် ရှိတာ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာ အဲဒီအချိန်က ဝန်ကြီးချုပ် ဖြစ်ခဲ့သူ ဂျူနီချီရို ကိုအီဇူမီ က မင်းသမီး အိုင်ကို ကို ထီးနန်း အရိုက်အရာ ဆက်ခံနိုင်အောင် လုပ်တဲ့ အနေနဲ့ ဘုရင်မတစ်ဦးကို ထီးနန်း ဆက်ခံခွင့်ပြုရေး ဥပဒေ ပြင်ဆင်ရေးဆွဲဖို့ အဆိုပြုခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၀၆ ခုနှစ်မှာ အိမ်ရှေ့မင်းသား နာရူဟီတိုရဲ့ တူတော်သူ မင်းသား ဟီဆာဟီတို မွေးလာတဲ့အတွက် ဒီအဆိုပြုချက် ရပ်ဆိုင်းသွားခဲ့ရပါတယ်။
တော်ဝင် ဧကရာဇ် ခေတ်သစ် တခေတ်ရဲ့ အစ
အိမ်ရှေ့မင်းသား နာရူဟီတို ဧကရာဇ်မင်းမြတ် ဖြစ်လာမယ့် မေလ ၁ ရက်နေ့ကျရင် ဂျပန်နိုင်ငံရဲ့ "ရေဝါ" မင်းဆက် စတင်မှာပါ။
ရေဝါ ဆိုတာ "လှပတဲ့ သဟဇာတဖြစ်မှု"လို့ အဓိပ္ပါယ် ရပြီး ဒီစကားလုံးကို ဂျပန်နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး မာနီအိုရှူ ရှေးဟောင်း ကဗျာစုထဲက ယူထားတာ ဖြစ်ပါတယ်။
အရင်တုန်းက ဂျပန် ဧကရာဇ်ဘုရင်မင်းဆက် အမည်ကို တရုတ် ဂန္တဝင် စာပေတွေကနေ အစွဲပြု မှည့်ခေါ်လေ့ရှိပြီး ဒီထုံးစံကို နှစ်ပေါင်း ၁၃၀၀ ကျော် ကျင့်သုံးလာခဲ့တာပါ။
အိမ်ရှေ့မင်းသား နာရူဟီတို ကို ဂျပန် ဧကရာဇ်ဘုရင်အဖြစ် အများစုက လိုလားနှစ်သက်ကြသလို ဂျပန်နိုင်ငံသား ၇၀ ရာခိုင်နှုန်းကျော်လောက်လည်း ဒီမင်းဆက် အမည်ကို လက်ခံခဲ့ကြတယ်လို့ လူထုစစ်တမ်းတွေအရ သိရပါတယ်။
အခုလို လူထုက လက်ခံခဲ့ကြပေမယ့် ဧကရာဇ်ဘုရင် ဖြစ်လာမယ့် အိမ်ရှေ့မင်းသား နာရူဟီတို အနေနဲ့ ပြောင်းလဲလာနေတဲ့ ဂျပန်နိုင်ငံမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်မလဲ ဆိုတာအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ဘုရင်မင်းမြတ်ရဲ့ အခန်းကဏ္ဍဟာ လုပ်ထုံးလုပ်နည်း သဘောမျိုးသာ ဖြစ်ပြီး လူထုနဲ့ တွေ့ဆုံတာ၊ နိုင်ငံခြား တိုင်းပြည်တွေက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတာတွေကို အဓိက လုပ်လေ့ ရှိပါတယ်။
ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်ကြီးပြီးကတည်းက ပထမဆုံး ထီးနန်းအရိုက်အရာ ဆက်ခံမယ့် အိမ်ရှေ့မင်းသား နာရူဟီတိုကတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တွန်းအားပေး ဆောင်ရွက်မယ်လို့ မျှော်လင့်ရပါတယ်။
"ကမ္ဘာကြီးက ပြောင်းလဲနေပါတယ်၊ အိမ်ရှေ့မင်းသား နာရူဟီတို အနေနဲ့ ဒီလို ပုံစံသစ်မှာ သူ့ရာထူးအနေအထားနဲ့ သူယူရမယ့် တာဝန်တွေကို ဘယ်လို ကိုက်ညီအောင် ညှိယူမလဲ ဆိုတာ လူတွေ သိချင်နေပါတယ်"လို့ နစ်ကေး ထိပ်တန်း စီးပွားရေး သတင်းစာကြီးရဲ့ အယ်ဒီတာ့အာဘော် ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။
ဥပမာ ပေးရရင် သူ့သမီးတော်ကို ဘုရင်မ ဖြစ်လာခွင့် တားမြစ်ထားတဲ့ ဥပဒေနဲ့ ပတ်သက်လို့ပါ။
သူ ဧကရာဇ် ဘုရင် ဖြစ်လာတဲ့အခါ ဒီဥပဒေကို ပြင်ဆင် ပြဌာန်းဖို့ သူ ဖိအားပေးလာမလား ဆိုတာ လူတွေက စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ အိမ်ရှေ့မင်းသား နာရူဟီတို က ဒီဥပဒေ ပြင်ဆင်ရေး ကိစ္စကို ခုချိန်ထိ ခပ်ရှောင်ရှောင် နေနေပါတယ်။
ပညာတတ်လို တွေးခေါ် လုပ်ဆောင်လေ့ ရှိတဲ့ အိမ်ရှေ့မင်းသား နာရူဟီတို အနေနဲ့ သူ့အရင် ဘုရင်မင်းမြတ်တွေ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာကို အရင် သင်ခန်းစာယူပြီး သူတို့ လုပ်ဆောင်ခဲ့တာတွေကို ဆက်လုပ်သွားဖို့ကို အာရုံစိုက်နေတာ တွေ့ရပါတယ်။








