ဂျပန်နဲ့ထိုင်းက နန်းစွန့်မယ့်ဘုရင်နဲ့ နန်းတက်မယ့်ဘုရင်များ

japan

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တိုကျိုနန်းတော်ကြီးထဲက ဘုရင်နဲ့မိဘုရား

ဂျပန်နိုင်ငံက အကီဟီတိုဘုရင်ဟာ လာမယ့် ဧပြီလ နန်းမစွန့်ခင်မှာ နောက်ဆုံး နှစ်သစ်ကူး မိန့်ခွန်းပေးခဲ့ပါတယ်။ အကီဟီတိုဟာ ဂျပန်မှာ နှစ် ၂ဝဝ အတွင်း ရှားရှားပါးပါး နန်းစွန့်သူ ဘုရင်လည်း ဖြစ်ပါတယ်။

၈၅ နှစ်အရွယ် ဂျပန်ဘုရင်က သူ့နန်းစံသက်တမ်းအတွင်း ဂျပန်ပြည်ဟာ ဘယ်နိုင်ငံနဲ့မှ စစ်မခင်းခဲ့တဲ့အတွက် သူအင်မတန် စိတ်သက်သာရာရတယ်လို့လည်း ဒီဇင်ဘာလ ၂၃ ရက် သူ့မွေးနေ့တုန်းက မိန့်ကြားခဲ့ပါတယ်။

ပြည်သူတွေ သူတို့ မောင်နှံကို ထောက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း စိတ်လှုပ်ရှားစွာ ပြောခဲ့ပါတယ်။

japan

ဓာတ်ပုံ ရင်းမြစ်, KAZUHIRO NOGI

ဓာတ်ပုံ ပုံစာ, နောက်ဆုံးနှစ်သစ်ကူးမိန့်ခွန်းပြောနေတဲ့ ဘုရင်အကီဟီတိုနဲ့ မိဘုရား မီချီကို

နှလုံးခွဲစိတ်မှု၊ ဆီးကျိတ်ကင်ဆာ ကုသမှုတွေ ယူထားတဲ့ ဂျပန်ဘုရင် အကီဟီတိုရဲ့ နေရာကို သားကြီး နာရူဟီတိုက ဆက်ခံဖို့ ရှိပါတယ်။

japan

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အိမ်ရှေ့မင်းသား နာရူဟီတိုနဲ့ ကြင်ယာတော် မာဆာကို၊ သမီးတော် အိုက်ကို

အနှစ် ၃ဝ ရှည်လျားတဲ့ သူ့နန်းသက်ကို ဟေဆိုင်းခေတ်လို့ ခေါ်ဆိုကြပြီး ငြိမ်းချမ်းရေး ရရှိတဲ့ ခေတ်လို့ အဓိပ္ပာယ်ရပါတယ်။

ဂျပန်ဘုရင့်ရာထူးဟာ အဆောင်အယောင်သက်သက်ဖြစ်ပြီး နိုင်ငံရေးအရ အရေးမပါပေမယ့် သူ့ခမည်းတော် ဟီရိုဟီတိုဘုရင်ကြီးလက်ထက်က ဒုတိယကမ္ဘာစစ်မှာ ဂျပန်ပါဝင်ခဲ့တဲ့ ကိစ္စတွေကနေ အရိပ်တွေကလည်း ခုထိရှိနေပါတယ်။

japan

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂျပန်ဘုရင့်မိသားစု အစုံအညီ

ဒါကြောင့် တရုတ်နဲ့ ကိုရီးယားကျွန်းဆွယ်မှာ ဂျပန် ကျူးလွန်ခဲ့တဲ့ ကိစ္စတွေအတွက် အကီဟီတိုက နောင်တရကြောင်း ပြောခဲ့ပါတယ်။

နောက် ကွယ်လွန်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပစိဖိတ် သမုဒ္ဒရာထဲက စစ်မြေပြင်တွေထိ သူသွားကြည့်ခဲ့ပါတယ်။ ဒီအတွက် ဂျပန်မှာ ရှိတဲ့ လက်ယာ မျိုးချစ်အုပ်စုတွေနဲ့ သူအတိုက်အခံ ဖြစ်ရပါတယ်။

japan

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘုရင်ကို အလံဝှေ့ယမ်းနှုတ်ဆက်နေကြ

" စစ်ကြီးအတွင်းက မရေနိုင်အောင် ဆုံးရှုံးခဲ့ရတဲ့ အသက်တွေအတွက် မမေ့ဖို့ အရေးကြီးပြီး ဒီသမိုင်းကို စစ်ပြီးခေတ်မှာ မွေးလာသူတွေကို တိတိကျကျ ပေးဖို့လိုတယ် "လို့ အကီဟီတိုက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

စစ်အတွင်းက နာမည်ကြီး စစ်ရာဇဝတ်ကောင်တွေကိုပါ ထည့်သွင်းဂုဏ်ပြုထားတဲ့ ယာဆုကုနိ နတ်ကွန်းကို သူမသွားဘူးလို့ ဘုရင်က ဝေဖန်ခဲ့ပြီးနောက် နတ်ကွန်းစောင့် ဘုန်းကြီး မနှစ် အောက်တိုဘာလက နုတ်ထွက်သွားပါတယ်။

thai

ဓာတ်ပုံ ရင်းမြစ်, RUNGROJ YONGRIT

ဓာတ်ပုံ ပုံစာ, ခမည်းတော် ဘုရင်ကြီး စျာပနမှာ တွေ့ရတဲ့ မဟာ ဝချီရာလောင်ကွန်း

ထိုင်းနိုင်ငံမှာတော့ နန်းသက်ရှည် ဘူမိဘော ဘုရင်ကြီး နတ်ရွာစံပြီး နှစ်နှစ်ကျော်မှာ သားတော် ဘုရင်က နန်းတက်ဖို့ ပြင်ဆင်နေပါပြီ။ လာမယ့် မေလမှာပါ။

နိုင်ငံနဲ့ ပြည်သူတွေအတွက် အချိန်ကောင်း အခါကောင်း ပျော်ရွှင်စရာ မျှော်လင့်ချက်တွေ ဆိုက်ရောက်လာပြီမို့ နန်းသိမ်းချိန် တန်ပြီ ဖြစ်ကြောင်း ထိုင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက စာသွင်းတဲ့အတွက် နန်းတက်ပွဲ ကျင်းပဖို့ ဘုရင်က အမိန့်ချတာလို့ ထိုင်းနန်းတော်က ကြေညာပါတယ်။

thai

ဓာတ်ပုံ ရင်းမြစ်, Athit Perawongmetha

ဓာတ်ပုံ ပုံစာ, ကွယ်လွန်သူ ထိုင်းဘုရင်ဘူမိဘောနဲ့ မိသားစု

မေလ ၄ ရက်မှာ နန်းတက်ပွဲလုပ်ပြီး ထိုင်းဘုရင့်မိသားစု၊ အတိုင်ပင်ခံ ကောင်စီဝင်တွေ၊ အစိုးရ ဝန်ကြီးအဖွဲ့နဲ့ အရာရှိကြီးတွေကို ကျွေးမွေး ဧည့်ခံမယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ ထိုင်းရိုးရာအရ ဘုရင်က နန်းတော်ထဲ ရွှေ့ရမှာပါ။

ဗီဒီယို ပုံစာ, ထိုင်း ထီးနန်းကို စော်ကားမှု ဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့ ကုလတိုက်တွန်း

မေလ ၅ ရက်မှာ ဘုရင့်ဘွဲ့တံဆိပ်တော်နဲ့ လက်မှတ်တော်တွေ ခံယူပွဲကျင်းပပြီး ဘုရင့်မိသားစုကို ဘွဲ့အဆောင်အယောင်တွေ ချီးမြှင့်မှာပါ။ အဲဒီနောက် ဘုရင်က အခမ်းအနားနဲ့ ဘန်ကောက်မြို့တော်ထဲကို လှည့်လည်မှာ ဖြစ်ပါတယ်။

thai

ဓာတ်ပုံ ရင်းမြစ်, Wikicommon

ဓာတ်ပုံ ပုံစာ, ပြည်သူတွေ အကန်တော့ခံမယ့် နန်းဆောင်

မေလ ၆ ရက်မှာတော့ နန်းတော်ကြီး အရှေ့တံတိုင်းက အဆောင်တခုမှာ ပြတင်းကနေ ပြည်သူတွေ အဖူးမျှော်ခံမှာ ဖြစ်ပါတယ်။ အဲဒီနောက် သံတမန်တွေနဲ့ နိုင်ငံခြားက ဧည့်သည်တော်တွေကို နန်းတော်ကြီးထဲက ပလ္လင်ဆောင် တခုမှာ ဧည့်ခံကျွေးမွေးမှာ ဖြစ်ပါတယ်။

thai

ဓာတ်ပုံ ရင်းမြစ်, Thanapol Tontinikorn

ဓာတ်ပုံ ပုံစာ, နန်းသိမ်းပွဲ ဆင်ယင်မယ့် ဘန်ကောက်နန်းတော်ကြီး

ဖောင်တော်နဲ့ ကျောက်ဖယားမြစ်ထဲ လှည့်လည်မယ့် အခမ်းအနားကိုတော့ ၂ဝ၁၉ နှစ်ကုန်မှာ ကျင်းပမယ့် ကထိန်တော် အခမ်းအနားထိ စောင့်ဖို့ ဘုရင်က အမိန့်ထုတ်ထားပါတယ်။

thai

ဓာတ်ပုံ ရင်းမြစ်, Santi Sukarnjanaprai

ဓာတ်ပုံ ပုံစာ, ဖောင်တော်နဲ့ ကျောက်ဖယားမြစ်ထဲ လှည့်လည်မယ်

အနှစ် ၇ဝ နန်းစံခဲ့တဲ့ ခမည်းတော် ဘူမိဘော နတ်ရွာစံပြီး ရက် ၅ဝ ပြည့်တဲ့အချိန်မှာ ကတည်းက သူ့ကို ထိုင်းဘုရင်အဖြစ် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

thai

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ထိုင်းဘုရင်သစ်နဲ့ ကြင်ယာဟောင်း၊ သားတော်နဲ့ သမီးတော်