ရခိုင်မှာ ဖြတ်လေးဖြတ် လုပ်ထားတာ တစ်လကျော်လာပြီ

စစ်တွေမြို့ကနေ ရခိုင်ပြည်နယ်ရဲ့ ဒေသအနှံ့အပြားကို ပြေးဆွဲနေတဲ့ရေယာဉ်တွေနဲ့ စီးပွားရေးလုပ်ငန်းသုံးရေယာဉ်တွေ အဓိကအသုံးပြုနေကြတဲ့ ဆတ်ရိုးကျချောင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်တွေမြို့ကနေ ရခိုင်ပြည်နယ်ရဲ့ ဒေသအနှံ့အပြားကို ပြေးဆွဲနေတဲ့ရေယာဉ်တွေနဲ့ စီးပွားရေးလုပ်ငန်းသုံးရေယာဉ်တွေ အဓိကအသုံးပြုနေကြတဲ့ ဆတ်ရိုးကျချောင်း

 ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ရေးအကြောင်းပြချက်နဲ့ ဒေသတွင်း ကုန်းလမ်းရေလမ်း ဆက်သွယ်သွားလာမှု တွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာ တစ်လကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။

အခုလို ပိတ်ဆိုမှုတွေလုပ်နေတဲ့ အတွက် ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး စီးပွားရေးနဲ့ လူမှုဘဝမှာ အခက်အခဲ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစလို့ ကုန်းလမ်းဆက်သွယ်ရေးတွေကို တစ်မြို့နယ်ပြီး တစ်မြို့နယ် ပိတ်ဆို့မှုတွေ ပြုလုပ်လာနေတာဖြစ်ပါတယ်။

 အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီးတော့ ဒေသတွင်းပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးရေယာဉ်လိုင်းတွေနဲ့ ဒေသခံတွေအသုံးပြုသွားလာနေတဲ့ ရေယာဉ်တွေအားလုံးကို သွားလာခွင့် ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါ်ကနေကျေးရွာတွေကို ဆန်နဲ့ ရိက္ခာ ဆေးဝါးစတာတွေကို သယ်ယူတာကိုလည်း စစ်ကောင်စီက တားမြစ်ထားပါတယ်။

ငွေကြေး၊ ရိက္ခာ၊ သတင်းနဲ့ တပ်သားသစ်စုတာတွေကို ဖြတ်တောက်တဲ့ ဖြတ်လေးဖြတ်နည်းကို ဗိုလ်ချုပ်ကြီးနေဝင်းခေတ် ၁၉၆ဝ ခုနှစ်ဝန်းကျင်က ကွန်မြူနစ်နဲ့ ကရင်လက်နက်ကိုင်တွေကို စစ်ဆင်ရေးလုပ်ရာမှာ သုံးခဲ့တယ်လို့ သိရပြီး ပဲခူးရိုးမနဲ့ မြစ်ဝကျွန်းပေါ်မှာ လက်နက်ကိုင် ပုန်ကန်မှုတွေ ချုပ်ငြိမ်းအောင် ဖြတ်လေးဖြတ်နဲ့ လုပ်ခဲ့တယ်လို့ ပြောစမှတ် ရှိပါတယ်။

အခုလို ကုန်းလမ်းရေလမ်းပိတ်ဆို့မှုတွေ ပြုလုပ်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီကနေ တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီက ဆက်သွယ် သွားလာရေးလမ်းကြောင်းတွေ ဖြတ်တောက်ကာ ပိတ်ထားတာခံရတဲ့ ရသေ့တောင်မြို့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီက ဆက်သွယ် သွားလာရေးလမ်းကြောင်းတွေ ဖြတ်တောက်ကာ ပိတ်ထားတာခံရတဲ့ ရသေ့တောင်မြို့

အခုလို ပိတ်ဆို့မှုတွေပြုလုပ်ခံထားရတဲ့အတွက် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်သွယ်မှုတွေပြလုပ်နေတဲ့ ကုန်သွယ်ရေးစခန်းတွေအတွက်လည်း ထိခိုက်မှုတွေရှိနေပြီး လုပ်ငန်းကျဆင်းမှုတွေနဲ့လည်းကြုံနေရတယ်လို့ ရခိုင်ပြည်နယ် ကုန်သည်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်အောင်က ဘီဘီစီကို ပြောပါတယ်။

 ရခိုင်ပြည်နယ်ကနေ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်စည်ကူးသန်းမှုတွေ ပြုလုပ်နေတဲ့ ကုန်သွယ်ရေးစန်းနှစ်ခုရှိပြီး အဲ့ဒီစခန်းတွေကတော့ စစ်တွေကုန်သွယ်ရေးစခန်းနဲ့ မောင်တောကုန်သွယ်ရေးစခန်းတို့ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ ဩဂုတ်လက စစ်ကောင်စီက ကုန်းလမ်းရေလမ်းတွေကို ပိတ်ဆို့မှုတွေပြုလုပ်လိုက်တဲ့အတွက် မောင်တောကုန်သွယ်ရေးစခန်းဟာ ကုန်စည်ပို့ဆောင်လို့မရတော့ဘဲ ရပ်နားထားရတဲ့အခြေအနေထိ ဖြစ်နေခဲ့တာပါ။

 ပြည်နယ်ပြင်ဘက်က ကုန်စည်တွေကိုအဲ့ဒီစခန်းကနေပို့ဆောင်လို့ မရတော့တာကြောင့် ဒေသထွက်ကုန်တွေကိုပဲ တင်ပို့နေခဲ့ရပြီး စက်တင်ဘာလအတွင်းမှာတော့ မောင်တောစခန်းက အမေရိကန်ဒေါ်လ ၂ သိန်းဖိုးလောက်သာတင်ပို့နိုင်ခဲ့သလို စစ်တွေစခန်းကတော့ ၁၈ သိန်းဖိုးခန့်တင်ပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။

 အခုလအတွင်းမှာတော့ ပို့ကုန်ပမာဏာဟာ အရင်လကထက် ပိုမိုလျော့နည်းသွားနိုင်တာကြောင့် ဝင်ငွေရရှိမှုမှာလည်း သိသိသာသာကျဆင်းသွားမှာ ဖြစ်တယ်လို့ ဦးအောင်အောင်က ဆိုပါတယ်။

ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်များ

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်များ

လနဲ့ချီပြီး ဆက်သွယ်သွားလာရေးလမ်းကြောင်းတွေကို ပိတ်ဆို့ခံနေရတဲ့အတွက် ရခိုင်ဒေသခံတွေရဲ့ နေ့စဉ်လူမှုဘဝအခြေအနေတွေနဲ့ ကျန်းမာရေးကိစ္စတွေကို အဆိုးရွားဆုံးထိခိုက်မှုတွေ ဖြစ်လာနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းအားလုံးဟာလည်း ရပ်တန့်လုနီးပါးအထိ ကြုံနေကြရပြီလို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ပိတ်ဆို့ခံထားရတဲ့ ရသေ့တောင်မြို့နယ်မှာတော့ ရွာတွေကနေ ရသေ့တောင်ကို သွားလို့မရသလို ရသေ့တောင်ကနေလည်း စစ်တွေကို သွားလို့မရတာကြောင့် ကျန်းမာရေး အခက်အခဲက နံပါတ်တစ်ဖြစ်နေတယ်လို့ ကုန်လမ်း ရေလမ်း ဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့ ရသေ့တောင်မြို့ခံတစ်ဦးက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရခိုင်ပြည်နယ်အတွက် ဆေးဝါးတင်သွင်းခွင့်တွေကိုလည်း စစ်ကောင်စီကနေ ပိတ်ပင်ထားတာကြောင့် ပြင်ပဆေးဆိုင်တွေအပြင် ဆေးရုံဆေးခန်းတွေမှာလည်း ဆေးဝါးပြတ်လပ်တဲ့ အခြေအနေနဲ့ကြုံနေကြရတယ်လို့ လည်းဆိုပါတယ်။

ပုံမှန် ဆေးကုသမှုခံယူနေကြရတဲ့ နာမကျန်းသူတွေအတွက်တော့ အဆိုးဆုံးအခြေအနေကို ရောက်လာနေတယ်လို့ နောက်ထပ် ရခိုင်ဒေသခံတစ်ဦးက ထောက်ပြပါတယ်။

ဆေးကုသဖို့လိုနေသူတွေအတွက် သွားရေးလာရေးအခက်အခဲနဲ့ ဆေးဝါးတွေမရှိတဲ့ အခက်အခဲတွေကလည်း အလားတူ အရေးပေါ်ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ လည်း သူကပြောပါတယ်။

 ဒီအခြေအနေတွေကို ဖြတ်ကျော်နိုင်ဖို့ အစိုးရအဖွဲ့အစည်းတွေကို အာကိုးမနေတော့ဘဲ မိမိတို့ လူမှုအဖွဲ့အစည်းတွေအနေနဲ့ ကောင်းမွန်တဲ့အစီစဉ်တစ်ရပ် ရေးဆွဲပြီးတော့ ဒေသနေပြည်သူတွေရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့အရေးတကြီးလိုအပ်နေတယ်လို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။