ရသေ့တောင်မြို့ကို စစ်ကောင်စီက ကုန်းလမ်းရေလမ်း ပိတ်ထား

ရသေ့တောင်မြို့
ဓာတ်ပုံ ပုံစာ, ရသေ့တောင်မြို့

 စစ်ရေးတင်းမာမှုတွေမြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်မြို့ကို စက်တင်ဘာ ၁၉ ရက် ဒီကနေ့မှာပဲ စစ်ကောင်စီက ဆက်သွယ် သွားလာရေးလမ်းကြောင်းတွေ ဖြတ်တောက်ကာ ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရသေ့တောင်မြို့နဲ့ ဆက်သွယ်သွားတဲ့ လမ်းခရီးအားလုံးကို ပိတ်လိုက်တာဖြစ်ပြီး တစ်မြို့နယ်နဲ့တစ်မြို့နယ်အပြင် မြို့နယ်တွင်း ကျေးရွာတွေနဲ့လည်း အသွားအလာမလုပ်ရဘူးလို့ စက်တင်ဘာ ၁၈ ရက် မနေ့က ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ခေါ်ယူအသိပေးခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဆက်သွယ်သွားလာမှုတွေကို ပိတ်ဆို့လိုက်ပြီးတော့ ပစ်မိန့်ပါထုတ်ထားတယ်လို့ သိရကြောင်း စက်လှေသမားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အဲ့ဒီအမိန့်ကို စစ်ဗျူဟာမှူးရဲ့ညွှန်ကြားချက်အရ ထုတ်ပြန်ရတာဖြစ်ပြီး မြို့နယ်ပြင်ပကို ရောက်ရှိနေကြတဲ့ ဒေသခံမော်တော်တွေကတော့ စက်တင်ဘာ ၁၉ ရက် ဒီကနေ့ ညနေပိုင်းမှာ ရသေ့တောင်မြို့ကို အရောက်ပြန်ကြရမှာဖြစ်ပြီး နောက်ကျလို့ရှိရင်တော့ ကမ်းကပ်ခွင့် ရရှိတော့မှာမဟုတ်သလို အသက်အန္တရာယ်ကိုလည်း စိုးရိမ်နေရတယ်လို့ ပြောဆိုကြပါတယ်။

ရသေ့တောင်မှာ နှစ်ဖက်တပ်တွေ တပ်စွဲထားတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီးရွာသားတွေ ထွက်ပြေးကြစဥ်
ဓာတ်ပုံ ပုံစာ,  ရသေ့တောင်မှာ နှစ်ဖက်တပ်တွေ တပ်စွဲထားတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီးရွာသားတွေ ထွက်ပြေးကြစဥ်

 “မနေ့ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး ပြောတယ်လို့ သိရပါတယ်။ ဒီနေ့က စပိတ်တာပေါ့နော်။ ဗျူဟာမှူး ပိတ်ခိုင်းတာလို့ ပြောတယ်။ ဘာကြောင့်ဆိုတာတော့ မသိရဘူး။ ခရီးထွက်နေတဲ့ ကျွန်တော်တို့ စက်လှေတွေကိုတော့ အခုညနေပိုင်း အရောက်လာဖို့ကိုလည်း ပြောထားပါတယ်။”လို့ ရသေ့တောင်မြို့ကနေ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ စက်လှေသမား ဦးအောင်ထူးမော်က ပြောပါတယ်။

အခုလို လမ်းခရီးတွေကို ပိတ်လိုက်တဲ့အတွက် တစ်မြို့နယ်လုံး ဆက်သွယ်သွားလာရေးတွေက အခက်အခဲဖြစ်သွားပြီဖြစ်ကာ မသွားမဖြစ် သွားကြရမယ့်အခြေအနေတွေနဲ့ ကြုံလာလို့ရှိရင်တော့ စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား တစ်ကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားနေကြသလို မြို့ပေါ်မှာလည်း စစ်ဘေးရှောင်ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ခိုလှုံနေကြတာ ဖြစ်ပါတယ်။

မြို့နဲ့ကပ်လျက်နေရာတွေမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့တပ်ရင်းတွေ ရှိနေပြီး မြို့တွင်းနေရာတွေမှာလည်း တပ်စခန်းတွေ တိုးချဲ့ချထားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရခိုင်မြောက်ပိုင်းမှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ (ပုံ အဟောင်း)

 ဒါ့အပြင် အေအေဘက်ကလည်း ရသေ့တောင်မြို့နယ်အတွင်း အခြေစိုက်တပ်စခန်းတွေ ရှိနေသလို တချို့နေရာတွေမှာ စစ်ကောင်စီနဲ့တို့ အပြိုင်အဆိုင်တပ်စွဲထားကြတာ လအနည်းငယ်ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ရသေ့တောင်မြို့ရဲ့မြောက်ဘက် ၁၀ မိုင်ဝန်းကျင်အကွာ မညှင်းတောင် ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အေအေဘက်က တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

ဩဂုတ် ၁၃ ရက်နေ့ကလည်း ချိန်ခါလီနဲ့ ကိုးတန်ကောက်ကျေးရွာအကြား စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းကို အေအေက တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး ၁၄ ရက်နေ့မှာတော့ အငူမော်-မောင်တောလမ်းမ တစ်လျှောက်ကို စစ်ကောင်စီက ပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ မြို့နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ဆက်ရှိလာနေတာကြောင့် စစ်ကောင်စီကနေ စစ်ရေးအကြောင်းပြချက်နဲ့ ရသေ့တောင်မြို့ကို တခြားနေရာတွေနဲ့ အဆက်အသွယ်ဖြတ်တောက်လိုက်တာလည်း ဖြစ်ပါတယ်။

ရသေ့တောင် အငူမော် ဆိပ်ကမ်း

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, ရသေ့တောင် အငူမော် ဆိပ်ကမ်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"မြို့ကို အဆက်အသွယ်ဖြတ်လိုက်တယ်ဆိုတာက မလုပ်သင့်တဲ့အရာပါ။ နယ်ဘက်တွေမှာ နေတဲ့လူတွေက မြို့ကို အဓိကမှီခိုနေကြတာလေ။ အဲ့ဒီလူတွေအတွက် စားဝတ်နေရေးကစ ကျန်းမာရေးအဆုံး ဒုက္ခရောက်ကြမှာ။ ပြီးတော့ မြို့ပေါ်မှာလည်း ဒုက္ခသည်တွေအများကြီးဆိုတော့ ပိုဆိုးတာပေါ့။”လို့ ရသေ့တောင်မြို့ခံတစ်ဦးက ပြောပါတယ်။

တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အချိန်မှာတော့ ရသေ့တောင်မြို့နယ်အတွင်း ကုန်းလမ်းဆက်သွယ်ရေးတွေကို ကနဦး ဖြတ်တောက်ထားတာကြောင့် မြို့နယ်တစ်ခုလုံးအတွက် ရေလမ်းတစ်ခုတည်းကိုပဲ အသုံးပြုနေကြရတာဖြစ်ပြီးအခု ရေလမ်းရောကုန်းလမ်းပါ တစ်မြို့နယ်လုံးကို ထပ်မံဖြတ်တောက်လိုက်တာလည်းဖြစ်ပါတယ်။

အခုလို ပိတ်ဆို့မှုူတွေပြုလုပ်လိုက်တော့ ယခင်ကတည်းက အကျပ်အတည်းတွေနဲ့ ကြုံနေကြရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ပိုပြီး အခက်အခဲတွေ ဖြစ်လာနိုင်သလို အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း အကူအညီပေးမှုတွေမလုပ်ဖို့ စစ်ကောင်စီက အခုလ ၁၆ ရက်နေ့မှာညွှန်ကြားထားတာကြောင့် ရိက္ခာဖြတ်တောက်ခံနေကြရတာ ဖြစ်ပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ပလက်ဝနဲ့ မောင်တောမြို့နယ်တွေအတွင်း စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံနေရတာတွေရှိနေသလို နေရာအများစုတို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို အေအေဘက်က ပိတ်ဆို့မှုတွေပြုလုပ်ထားတာဟာ တစ်လကျော်ရှိလာနေပြီဖြစ်တယ်လို့ အေအေဘက်က စက်တင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

NO TAG

ဓာတ်ပုံ ရင်းမြစ်, cj

 ပိတ်မိနေတဲ့ တပ်စခန်းတွေနဲ့ သိမ်းပိုက်ခံထားရတဲ့ တပ်စခန်းနေရာတွေကို စစ်ကောင်စီကနေ လက်နက်ကြီးပစ်ကူတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုပါ အရှိန်မြှင့်လုပ်ဆောင်နေပြီး အဲဒီနေရာတွေကို ထပ်မံသိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ပိတ်ဆိုမှုတွေ ပြုလုပ်ထားကြောင်း အေအေရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရသေ့တောင်မြို့နယ်အတွင်း ရွာကလူတွေ အများစုကတော့ စစ်ကောင်စီလေကြောင်းက တိုက်လာမှာကို စိုးရိမ်နေကြပြီ ဗုံးခိုကျင်းတူးပြီး ပုန်းနေကြဖို့ စီစဥ်နေကြတယ်လို့ သိရပါတယ်။

လတ်တလော ရသေ့တောင်မြို့နယ်မှာ ပိတ်ဆို့တာတွေရှိပေမယ့် စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်ကြား ပစ်ခတ်တာတွေ မရှိသေးကြောင်းလည်း ရသေ့တောင်ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော်အေအေဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ စစ်ရေးပြင်းထန်မှုတွေရှိလာနေပြီး နယ်စပ်ဒေသတွေမှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို ပိတ်ဆို့ထားတာတွေ၊ စခန်းသိမ်းယူမှုတွေအထိ ရှိနေတာလည်း ဖြစ်ပါတယ်။