လားရှိုးက တရုတ်ဆန့်ကျင်ရေးဆန္ဒပြမှု ဘာသဘောဆောင်လဲ

ဓာတ်ပုံ ရင်းမြစ်, Radio NUG
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုးမြို့ပေါ်မှာပြုလုပ်ခဲ့တဲ့ တရုတ်ဆန့်ကျင်ရေးဆန္ဒပြမှုအပေါ် နိုင်ငံရေးလေ့လာသူတွေက ရှုထောင့်အစုံကနေ သုံးသပ်နေကြပါတယ်။
တရုတ်နိုင်ငံနဲ့ မျိုးနွယ်ရောဘာသာစကားပါတူပြီး တရုတ်ကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့လို့ စွပ်စွဲခံခဲ့ရတဲ့ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့နေရာမှာ တရုတ်ကိုဆန္ဒပြတာကြောင့် စိတ်ဝင်စားစရာဖြစ်နေတာပါ။
လူစုလူဝေးနဲ့ဆန္ဒထုတ်ဖော်တာမျိုးမဟုတ်ဘဲ လားရှိုးမြို့ရဲ့ထင်ရှားတဲ့နေရာတွေဖြစ်တဲ့ လွတ်လပ်ရေးပန်းခြံ၊ မြို့အဝင်လိုနေရာတွေမှာ စာနဲ့ ဓာတ်ပုံတွေကပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်ရေးချက်ချင်းရပ်ဖို့၊ တရုတ်အစိုးရကိုဆန့်ကျင်ဖို့နဲ့ တိုင်းရင်းသားညီနောင်တွေကို ဖိနှိပ်မှုရပ်ဆိုတဲ့ လှုပ်ရှားမှုနဲ့ပတ်သက်လို့ မတူညီတဲ့သုံးသပ်သူလေးဦးကို ဘီဘီစီက မေးမြန်းကြည့်ထားပါတယ်။
လားရှိုးမှာ ဘယ်လိုဆန္ဒပြခဲ့ကြလဲ

ဓာတ်ပုံ ရင်းမြစ်, Radio NUG
ကိုးကန့်တပ် (MNDAA) အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကို မတ် ၂၂ ရက်မှာ တရုတ်က ခေါ်ယူတွေ့ဆုံမယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုပေါ်ပေါက်လာတာဖြစ်ပါတယ်။
မတ် ၂၀ ရက်ညပိုင်းမှာ လားရှိုးမြို့ရဲ့အထင်ကရတွေမှာ တရုတ်ဆန့်ကျင်ရေးစာတန်းတွေကိုကပ်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပြီး ဘယ်သူတွေဆောင်ရွက်ခဲ့လဲဆိုတာကို ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
"ကိုးကန့်အဖွဲ့ကိုယ်တိုင်က ဒီကိစ္စကိုမလိုလားဘူးဗျ။ ဆွေးနွေးပွဲအနှောင့်အယှက်ဖြစ်နိုင်လို့ ကပ်ထားတာတွေကိုလည်း ကိုးကန့်အဖွဲ့ကသိသိချင်းချက်ချင်းပြန်ဖြုတ်တာတွေ့တယ်" လို့ လားရှိုးမြို့ပေါ်နေ လူငယ်တစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ကိုးကန့်တပ် နဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဇန်နဝါရီ ၁၈ ရက်မှာ ကိုးကန့်တပ်နဲ့ စစ်ကောင်စီကြားအပစ်ရပ်သဘောတူညီခဲ့တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ မစ္စမော်နင်းထုတ်ပြောချိန်မှသာ လူသိထင်ရှားသိခဲ့ရ ပါတယ်။
ဒီအပစ်ရပ်သဘောတူညီချက်ထဲမှာ သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကနေ ကိုးကန့်တပ်ပြန်ဆုတ်ပေးရမယ်ဆိုတဲ့ အချက်ပါဝင်တယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပါတယ်။
၆ လအတွင်း လားရှိုး ကို စစ်ကောင်စီလက်ပြန်အပ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ နှစ်ဖက်စလုံးကအတည်ပြုပြောတာမရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တရုတ်ရဲ့ဦးဆောင်မှုနဲ့ ထပ်မံတွေ့ဆုံခါနီး အခုလိုဆန္ဒပြမှုတွေပေါ်ပေါက်လာတာဟာ "စစ်ကောင်စီဘက်က နှိုးဆွပေးနေပုံရတယ်" လို့ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
ဒေါက်တာလှကျော်ဇော ဟာ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံမှာနေထိုင်ကာ တရုတ် - မြန်မာအရေးသုံးသပ်သူတစ်ဦးဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ သွေးခွဲလုပ်ဆောင်လေ့ရှိတာကို နားလည် သဘောပေါက်ထားပြီးဖြစ်တယ်လို့ သူကပြောပါတယ်။
"စစ်ကောင်စီဘက်ကအခုချိန်ထိလျှော့ပေးဖို့လည်းမစဉ်းစားဘူး။ ခါတိုင်းလည်းဒီလိုလုပ်ရင် အောင်မြင်တာမျိုးလည်းရှိတာကြောင့် ဒါမျိုးတွေဆက်လုပ်လိမ့်မယ်ထင်တယ်။ ဒီသတင်းမျိုးတွေက ဆက်တော့ထွက်နေမှာပါပဲ" လို့ ဒေါက်တာလှကျော်ဇောက သူ့အမြင်ကို ပြောပါတယ်။
လားရှိုးမြို့ကိုသိမ်းပိုက်ပြီးနောက်ပိုင်း ကိုးကန့်တပ်ဟာ အုပ်ချုပ်ရေးယန္တရားကို စနစ်တကျအကောင်အထည် ဖော်နေသလို အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) ပါဝင်သူတွေနဲ့ ဆေးရုံတွေပြန်လည်ပတ်တာကို ကြည့်ခြင်းအားဖြင့် လူထုဆန္ဒအတိုင်းလုပ်ဆောင်နေတာကို မြင်သာတယ်လို့ သူက ထပ်မံထောက်ပြပါတယ်။
တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ လားရှိုးက ဘယ်လိုအခင်းအကျင်းဖြစ်လာနိုင်မလဲလို့ ဘီဘီစီက မေးမြန်းကြည့်ခဲ့ ပါတယ်။
"ဒီအခြေအနေမှာတရုတ်ကဝင်ပါစရာမရှိသလို ပါရိုးပါစဉ်လည်းမရှိဘူး။ သူအကြံပေးတာပဲဖြစ်မယ်၊ သူအကြံပေးတာကို ဒီဘက်ကလူတွေက လိုက်နာနိုင်ရင်လိုက်နာ မလိုက်နာနိုင်ရင်မလိုက်နာနိုင်ဘူးပေါ့" လို့ သူက ဆိုပါတယ်။
ဒါအပြင် လက်ရှိစစ်ကောင်စီနဲ့ ကိုးကန့်တပ်တွေ့ဆုံဆွေးနွေးမှုမှာ နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်လို့ ပိုအလေးထားဆွေးနွေးနိုင်တယ်လို့ သူကြားသိထားရတဲ့သတင်းအချက်အလက်ကို ကိုးကားပြီး ဘီဘီစီကို ဖြေကြားပါတယ်။
မတူညီတဲ့သုံးသပ်ချက်တွေနဲ့ လားရှိုးအခင်းအကျင်း

ဓာတ်ပုံ ရင်းမြစ်, CJ
ဘီဘီစီထပ်မံမေးမြန်းခဲ့တဲ့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူသုံးဦးကတော့ ကူမင်းမြို့မှာ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ လားရှိုးအရေးကို အလေးထားဆွေးနွေးမှာဖြစ်လို့ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာလို့ တပြေးညီတည်းပြောကြပါတယ်။
ဒါပေမဲ့ လှုပ်ရှားမှုလုပ်ရတဲ့သဘောကိုချဉ်းကပ်ဆွေးနွေးရာမှာတော့ အမြင်မတူညီကြပါဘူး။
ပြည်ပနိုင်ငံတွေက ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟောင်းတွေပါဝင်ဖွဲ့စည်းထားတဲ့ သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့ကမြင်ပါတယ်။
ရှမ်းမြောက်အခင်းအကျင်းဟာ ကိုယ်ကျိုးစီးပွားပတ်သက်နေတဲ့နိုင်ငံတွေပါဝင်နေတယ်လို့ဆိုပြီး ဘယ်နိုင်ငံတွေပါဝင်ပတ်သက်လို့ဆိုတာကိုတော့ တိတိကျကျထည့်သွင်းမပြောပါဘူး။
"တရုတ်ပါတယ်ဆိုတဲ့ယူဆချက်တစ်ခုပေါ်မှာအခြေခံပြီးလုပ်မယ်ဆိုရင် တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေလားရှိုးမှာဖြစ်လာစရာအကြောင်းမရှိဘူး" လို့ သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့ ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။
ဒါဟာ ဆွေးနွေးပွဲမတိုင်ခင် နိုင်ငံရေးဆိုင်ရာအမြတ်ထုတ်လှုပ်ရှားမှုတစ်ခုလို့ဆိုကာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဆွေးနွေးပွဲအပေါ်မသက်ရောက်နိုင်ဘူးလို့ တုံ့ပြန်ဖြေပါတယ်။
မြန်မာ့ပြည်တွင်းရေးပြဿနာတွေကိုဖြေရှင်းရာမှာ ပြည်ပနိုင်ငံတချို့ဟာပြည်တွင်းပဋိပက္ခကို ဒေသတွင်း အခြေအနေအထိဖြစ်လာအောင်ဖန်တီးနေတယ်လို့လည်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်ကလည်း ဒီနှစ်ထဲမှာပဲ စွပ်စွဲပြောဆိုထားပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဝါရင့်မြန်မာ့နိုင်ငံရေးသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်နဲ့ CDM ဗိုလ်ကြီး ဇင်ယော်တို့ကတော့ လားရှိုးမြို့ ပေါ်က တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ ပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်မှုလို့သာ ရှုမြင်ကြပါတယ်။
"ထူးဆန်းတဲ့လုပ်ရပ်မဟုတ်ပါဘူး။ MNDAA နဲ့ တရုတ်နဲ့တွေ့ဆုံဆွေးနွေးကြမယ်ဆိုတော့ လူထုကသူတို့ သဘောထားကိုထုတ်ဖော်ဆန္ဒပြတာပါ" လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့မတ် ၁၅ ရက်တုန်းကလည်း လားရှိုးမြို့ပေါ်မှာ စစ်ကောင်စီကိုအလိုမရှိကြောင်း လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ပွဲပြုလုပ်မယ့်သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကိုးကန့်တပ်ရဲ့ ခွင့်ပြုချက်မရခဲ့ တာကြောင့် ဆန္ဒထုတ်ဖော်ပွဲမဖြစ်မြောက်ခဲ့ဘူးလို့လည်း CDM ဗိုလ်ကြီး ဇင်ယော်ဆီကသိရပါတယ်။
"ဒီတရုတ်ဆန့်ကျင်မှုကို MNDAA ကပါခွင့်ပြုလိုက်တယ်ဆိုတော့ သူတို့အနေနဲ့ တရုတ်ဖိအားတွေကြားမှာ ဖြေလျော့မှုတစ်ခုရအောင် စီမံတာလို့ထင်ပါတယ်" လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်ပြောခဲ့သလို အခုဆန္ဒပြလှုပ်ရှားမှုဟာ MNDAA ခွင့်ပြုချက်နဲ့လုပ်ဆောင်တာလားဆိုတာကို ဘီဘီစီအတည်မပြုနိုင်ပါဘူး။ အခုဖြစ်စဉ်အပါအဝင် လားရှိုးမြို့အခြေအနေ၊ စစ်ကောင်စီနဲ့ ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ MNDAA ပြောခွင့်ရ လီကျားဝင်းကို ဘီဘီစီက မေးမြန်းဖို့ကြိုးစားပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။
ကိုးကန့်တပ်ရဲ့ ခေါင်းဆောင်တချို့ဟာ တရုတ်ရဲ့ဖိအားဒဏ်တွေကိုရင်ဆိုင်နေရပြီး ကိုးကန့်တပ်မှူး လေးဦးကိုလည်း ဆွေးနွေးဖို့ဆိုပြီး တရုတ်က ခေါ်ထားတယ်ဆိုတဲ့သတင်းတွေလည်းဆက်တိုက်ထွက်ပေါ် နေပါတယ်။
စောင့်ကြည့်နေကြတဲ့ ကိုးကန့်နဲ့စစ်တပ်ဆွေးနွေးပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုးကန့်တပ်နဲ့ စစ်ကောင်စီဆွေးနွေးပွဲရလဒ်ကိုသာ စောင့်ကြည့်ရမယ့်အနေအထားလို့ ဘီဘီစီမေးမြန်းခဲ့တဲ့ နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။
"ဆွေးနွေးပွဲရဲ့ဖြစ်နိုင်ချေအများဆုံးရလဒ်က အပစ်အခတ်ရပ်စဲရေးကိုဘယ်လောက်ထိဆက်ဆွဲထားနိုင်မလဲ။ လားရှိုးကို ကိုးကန့်တပ်ဘက်ပေးဖို့ဆိုတာကလည်း တည်ဆဲအခြေခံဥပဒေအရလုပ်ခွင့်မရှိပါဘူး" လို့ သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့ ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။
လားရှိုးဟာ ကိုးကန့်တပ်နဲ့ မသက်ဆိုင်တဲ့နယ်မြေဖြစ်တာကြောင့် စစ်ကောင်စီက ပြန်ယူလိမ့်မယ်လို့ သူက ထောက်ပြပါတယ်။
ကိုးကန့်တပ်ရဲ့ အထူးဒေသ (၁) အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ကိုးကန့်ဒေသ၊ လောက်ကိုင်အပြင် ရှမ်းမြောက်က သိန္နီ၊ ကွမ်းလုံနဲ့ လားရှိုးကိုပါ ထည့်ပြောပြီး ၁၀၂၇ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ အဆင့်လိုက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
တချို့ကတော့ လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်ကနေရာယူပြီး လားရှိုးကိုထိန်းချုပ်နိုင်မယ့်စိုးမိုးကုန်းမြေ တွေမှာ ကိုးကန့်တပ်နဲ့မဟာမိတ်တွေက နေရာယူနိုင်တယ်လို့လည်း ဆိုကြပြန်ပါတယ်။
"ဒီလိုနေရာယူမှဖြစ်မယ် မဟုတ်ရင်လားရှိုကတဆင့်အောင်မြေချဲ့ပြီးတော့ စစ်ကောင်စီတပ်က တက်လာမယ့်အနေအထားမျိုးပါ" လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လားရှိုးမြို့မှာအခြေစိုက်ခဲ့တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို မိုင်းရယ်မြို့မှာ အခြေစိုက်ဖို့ တပ်ရွှေ့ပြောင်းဖို့ပြင်ဆင်နေပြီလို့ CDM ဗိုလ်ကြီးဇင်ယော်က သူ့ရဲ့တပ်တွင်းအရင်းအမြစ်တွေ ကို ကိုးကားပြီးဖြေဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Kokang
ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းဖြစ်တဲ့ ဦးသန်းစိုးနိုင်မှာတော့ မတူညီတဲ့အမြင်ရှိပါတယ်။
ကိုးကန့်တပ်ရော စစ်ကောင်စီတပ်တွေမဟုတ်ဘဲ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ရဲ့ ခေါင်းဆောင် 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) က လားရှိုးကိုနေရာယူနိုင်တယ်လို့ သုံးသပ်ပါတယ်။
ကိုးကန့်တပ် လားရှိုးမြို့သိမ်းပိုက်ထိန်းချုပ်တာကို တရုတ်ကအသိအမှတ်မပြုတာကြောင့် ဆုတ်ခွာပေးရ နိုင်ချေများပြီး 'ဝ' တပ်ကိုလွှဲပြောင်းပေးနိုင်တယ်လို့ သူကသုံးသပ်ခဲ့တာပါ။
'ဝ' တပ်ဟာ တန့်ယန်း၊ မိုင်းရယ်မြို့တွေကနေ လားရှိုးမြို့ကိုဝင်ရောက်လာနိုင်ချေလို့ ခန့်မှန်းပါတယ်။
မတ် ၂၂ ရက်မှာပြုလုပ်တဲ့ဆွေးနွေးပွဲအောင်မြင်မှု ရှိ၊ မရှိဆိုတာကို ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပေါ် စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ ဆုံးဖြတ်နိုင်တယ်လို့ ပြောသူတချို့လည်း ရှိပါတယ်။
"TNLA လိုပါပဲ၊ စစ်ကောင်စီရဲ့မစားရတဲ့အမဲသဲနဲ့ပက်တဲ့နည်းဗျူဟာအတိုင်းလေကြောင်းတိုက်ခိုက်မှုတွေ တွေ့ရမှာပါဗျာ" လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။
ဖေဖော်ဝါရီလတုန်းကဆွေးနွေးခဲ့တဲ့ တအာင်းတပ် (TNLA) နဲ့ စစ်ကောင်စီကြားက အဖြေမထွက်တဲ့ ဆွေးနွေးပွဲအပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကို ရည်ညွှန်းပြောဆိုတာပါ။
ကိုးကန့်တပ်နဲ့ ဇန်နဝါရီလတွေ့ဆုံပွဲတုန်းက အပစ်ရပ်သဘောတူညီချက်မှာတော့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုမလုပ်ဖို့၊ ထိုးစစ်ပြန်ဆင်တာလုပ်ခွင့်မရှိသလို ကိုးကန့်ဘက်က ထိုးစစ်ရပ်ထားတဲ့ တူညီမှုတွေရရှိခဲ့ကြပါတယ်။
တရုတ်ဘက်ကပိတ်ခဲ့တဲ့ မြန်မာ - တရုတ်နယ်စပ် ချင်းရွှေဟော်မြို့ က ချင်းရွှေဟော်ကုန်သွယ်ရေးဂိတ်နဲ့ လောက်ကိုင် က ရန်လုံကျိုင်း နယ်စပ်ဂိတ်တွေကိုလည်း သဘောတူညီချက်ရအပြီးမှာ တရုတ်က ပြန်ဖွင့်ပေးခဲ့ပါတယ်။









