နိုဝင်ဘာ ၁၄ ရက် ထိပ်တန်းသတင်းများ - လောက်ကိုင်မြို့ကို ဝင်တိုက်တော့မယ်လို့ MNDAA ပြော

ဓာတ်ပုံ ရင်းမြစ်, KoKang
လောက်ကိုင်မြို့ကို ဝန်းရံထားတဲ့အနေအထားရှိနေပြီး ဝင်တိုက်ဖို့အချိန်တန်ပြီဖြစ်တဲ့အတွက် လောက်ကိုင်မြို့ကိုဝင်မယ်ဆိုပြီးကြေညာတာလို့ ကိုးကန့်တပ် MNDAA ပြောခွင့်ရသူ လီကျားဝင်းက ဘီဘီစီကိုပြောပါတယ်။
လောက်ကိုင်မြို့ကိုဝင်တဲ့အခါ မြို့ထဲမှာရှိနေတဲ့လူထုတွေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း - ကျားဖြန့်ထဲမှာရှိနေတဲ့ ဓားစာခံတွေရဲ့အသက်ဘေးအထိအခိုက်နည်းဖို့နဲ့ ကယ်ထုတ်ရေးအတွက်ဒီလိုကြေညာတာဖြစ်ပြီး လိုအပ်တာတွေကိုပြင်ဆင်ဆောင်ရွက်သွားမယ်လို့ လည်းသူကပြောပါတယ်။
''လောက်ကိုင်ကိုလည်း ဝန်းရံထားတဲ့အနေအထားရှိပြီ။ဝင်ဖို့အချိန်လည်းတန်ပြီဆိုတာမျိုးထုတ်ပြန်ထားတာပါ'' လို့ လီကျားဝင်းကပြောပါတယ်။
တချိန်တည်းမှာပဲ ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာမှာ အခြေချတပ်ရင်းတစ်ခုဖြစ်တဲ့သော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ - လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခလရ (၁၂၉) ကတပ်ဖွဲ့ဝင် ၁၂၇ ယောက်ပါတဲ့ တပ်ရင်းတစ်ရင်းလုံးနဲ့ တပ်မိသားစုဝင်တွေက အလင်းဝင်ရောက်လာတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သလို ကိုးကန့်တပ် MNDAA ပြောခွင့်ရသူ လီကျားဝင်းကအတည်ပြုပါတယ်။
တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်တဲ့ အဲဒီတပ်ရင်းက နိုဝင်ဘာ ၁၂ ရက် ညပိုင်းက အလင်းဝင်တာဖြစ်ပြီး တစ်ဦးချင်းစီအတွက် မြန်မာကျပ်ငွေ ၁၀ သိန်း၊ သူတို့ရဲ့မိသားစုဝင်တစ်ဦးကိုကျပ် ၁ သိန်းစီချီးမြှင့်ပေးအပ်ခဲ့တယ်လို့ဆိုပြီး ကျန်းမာရေးချိုယွင်းသူတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်ပေးထားတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ညီနောင် ၃ ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၂၇ ဦးရဲ့ မိသားစုဝင်စုစုပေါင်း ၂၆၂ ဦး ကို သူတို့သွားလိုတဲ့နေရာတွေကို လုံခြုံစွာပို့ပေးထား ခဲ့ပြီလို့လည်းပြောပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်က ညီနောင်မဟာမိတ် (၃) ဖွဲ့က ပြည်သူ့ရင်ခွင်ခိုဝင်ဖို့ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ မြန်မာ့တပ်မတော်သားတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအလင်းဝင်တဲ့ အရေအတွက်က ၂၀၀ ကျော်အထိ ရှိခဲ့ပြီလို့ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ရှမ်းမြောက် ၊ တာရွှေထန်ဘက်မှာထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့သာပြောပြီးလောက်ကိုင်နဲ့တဝိုက်ကစစ်ရေးအခြေအနေကိုထည့်ပြောတာမရှိပါဘူး။ တခါ ပလက်ဝမြို့ရဲ့ မြောက်ဘက်မှာတိုက်ပွဲဖြစ်ပွားပြီး တဖက်တပ်ဘက်က အကျအဆုံးများတယ်လို့စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ ရခိုင်ပြည်နယ်ထဲက အင်အားနည်းတဲ့လုံခြုံရေးစခန်းတွေကို ပေါင်းထားတာဖြစ်လို့ တဖက်ကဝါဒဖြန့်သလိုရဲစခန်းတွေသိမ်းပိုက်ခံရတာမဟုတ်ဘူးလို့ငြင်းဆိုထားပါတယ်။
ကောလင်း မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်သန်း ၉၀၀ ကျော် NUG သိမ်းမိ

ဓာတ်ပုံ ရင်းမြစ်, NUG
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
NUG အစိုးရသိမ်းထားတဲ့ ကောလင်းမြို့ ရဲ့ ခရိုင်မြန်မာ့စီးပွားရေးဘဏ်ကနေ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂ သန်းကျော်ကို လက်ခံသိမ်းဆည်းရမိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ကြားကာလဗဟိုဘဏ် ကထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေနဲ့ ကောလင်းခရိုင်၊ မြန်မာ့ စီးပွားရေးဘဏ်ရဲ့ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင် ထားရှိပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေတွေနဲ့ ပြည်သူလူထုရဲ့ အပ်နှံငွေတွေကို နစ်နာဆုံးရှုံးမှု မရှိစေဖို့ စနစ်တကျ စီမံခန့်ခွဲထားတယ်လို့ဖော်ပြပါတယ်။
ဒီငွေသားတွေကို ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက် (SOPs-Standard Operating Procedure) အတိုင်းစနစ်တကျလိုက်နာ ဆောင်ရွက်နေတာလို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ တော်လှန်ရေးအဖွဲ့တွေက နိုဝင်ဘာ ၆ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ကောလင်း မြို့ကို စစ်ကောင်စီပြန်ရဖို့ကြိုးစားနေသလို PDF နဲ့မဟာမိတ်တပ်တွေ ဆက်ပြီးထိန်းချုပ်ဖို့မှာ ထီးချိုင့်မြို့က အခရာဖြစ်နေတယ်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။ဒါကြောင့် ထီးချိုင့်မြို့ကို စစ်ကောင်စီက ပြန်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာပါ။
မြို့သိမ်းခံထားရတဲ့ ကောလင်း သာမက ဝန်းသို၊ အင်းတော်၊ ကသာ တို့နဲ့ နယ်နိမိတ်ထိစပ်တဲ့အပြင် ထီးချိုင့်အရှေ့ခြမ်း ဧရာဝတီမြစ်ကူးလိုက်ရင် ရှမ်းပြည်နယ်ကို ရောက်မှာဖြစ်သလို တောင်ဘက်ကို ဆင်းလိုက်ရင် မန္တလေးတိုင်းထဲကို ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။
ကျိုက်မရော၊ ချောင်းနှစ်ခွတိုက်ပွဲဆက်ပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, NUG MOD
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားထိခိုက်မှုအချို့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နယ်ခြားစောင့်တပ် BGF နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပူးပေါင်းအခြေချတဲ့ ချောင်းနှစ်ခွရဲစခန်းနဲ့ ချောင်းနှစ်ခွမြစ်ကူးတံတားစစ်ဆေးရေးဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကတိုက်ခိုက်ရာကနေ မြေပြင်ရောလေကြောင်းပစ်ကူတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေတာလို့ ပြောပါတယ်။
"တိုက်ပွဲဖြစ်ဖြစ်ချင်းနေ့မှာပဲ လက်နက်ကြီးစထိမှန်တဲ့သူတစ်ယောက်ရှိပါတယ်။ ရွာကအများစုရှောင်ကြပြီ၊ အချို့ပဲကျန်ခဲ့တာ။ ရှေ့ရက်က ရဲစခန်းကို PDFတွေက သိမ်းပြီးမီးရှို့ခဲ့ပေမဲ့ သူတို့ထွက်သွားတာနဲ့ စစ်ကောင်စီတပ်သားတွေကပြန်ဝင်နေတာ၊ ပြန်ဝင်နေတဲ့သူတွေနဲ့ ဆက်ဖြစ်နေတာ" လို့ ချောင်းနှစ်ခွာရွာခံတစ်ဦးက ပြောပါတယ်။
မြစ်ကူးတံတားစစ်ဆေးရေးဂိတ်ကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က သိမ်းပိုက်ရရှိထားပြီလို့ သိရပါတယ်။ ဒီတိုက်ပွဲတွေဆီ မုဒုံမြို့၊ တောင်ကလေးရွာကနေ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ညှပ်ပိတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ဆယ်နဲ့ချီ လက်နက်ချခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မနေ့ကထုတ်ပြန်ချက်အရလည်း စစ်ကူလာတဲ့ စစ်ကောင်စီတပ်မ (၂၂) စစ်ကြောင်းက တပ်ဖွဲ့ဝင် ၂၃ ဦး တော်လှန်ရေးအင်အားစုတွေဆီ လက်နက်ချအညံ့ခံခဲ့ကြပြီး တပ်ရင်းမှူးနဲ့ အရာရှိအပါအဝင် ၁၄ ဦး သေဆုံးကာ ထွက်ပြေးတပ်သားတွေလည်းရှိနေတယ်လို့ ဖော်ပြပါတယ်။
ချောင်းနှစ်ခွရွာဟာ မွန်ပြည်နယ်၊ ကျိုက်မရော နဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး ဆုံရာမှာရှိတာကြောင့် စစ်ရေးအရအရေးပါတဲ့နေရာဖြစ်နေတယ်လို့ ဒေသခံတွေကသုံးသပ်ကြပါတယ်။
ထီးချိုင့်မှာဘာတွေဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, CINCDS
တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ထီးချိုင့်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ ကချင်လွတ်လပ်ရေးတပ် KIA ဆီကနေ ပြန်လည်ထိန်းချုပ်ထားနိုင်တဲ့အကြောင်း စစ်ကောင်စီကဓာတ်ပုံနဲ့တကွ ဒီကနေ့ထုတ်သတင်းစာတွေမှာ အကျယ်တဝင့်ဖော်ပြလာပါတယ်။
စစ်ကောင်စီရဲ့ သုံးနှုန်းဖော်ပြချက်အရ KIA နဲ့ PDF တွေဟာ ထီးချိုင့်မြို့ပေါ် လူနေအိမ်တွေနဲ့ဌာနဆိုင်ရာအဆောက်အဦတွေကို မီးရှို့ဖျက်ဆီးသလို မိုင်းထောင်ဖောက်ခွဲပြီး မြို့ကနေ ပြန်ဆုတ်ခွာသွားကြတာလို့ ဆိုပါတယ်။
"ဒါတွေကသတင်းအမှားတွေပါပဲ။ မြို့ကိုသူတို့ထိန်းချုပ်နိုင်တာမရှိပါဘူး။ ဒါပေမဲ့ ထီးချိုင့်မြို့ကတော့ ပြာပုံဖြစ်သွားခဲ့ပြီ။ လေကြောင်းနဲ့ဆက်တိုက်ဗုံးကျဲချတာက အတော်ပျက်စီးသွားတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်မနက်ပိုင်းမှာတော့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ထီးချိုင့်မြို့ပေါ်နဲ့ မြတောင်အနီးမှာတိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ စစ်ရေးသိရှိသူတွေက ပြောကြပါတယ်။ ဒါပေမဲ့စစ်ကောင်စီဘက်ကတော့ ထီးချိုင့်မြို့ပေါ်ကို ဒီနေ့မနက်ပိုင်း လေကြောင်းဗုံးကျဲချတာတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
မနေ့တုန်းကတော့ မြတောင်တကြောမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီဒေသတဝိုက်ကို စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုးတဲရွာက ၈ နှစ်အရွယ်ကလေးငယ်နှစ်ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသေဆုံးခဲ့တယ်လို့ စစ်ရှောင်ကူညီသူတွေက ဘီဘီစီကို ပြောကြပါတယ်။
ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ မနေ့တုန်းက ထုတ်ပြန်ကြေညာချက်အရတော့ တိုက်ပွဲပြင်းထန်တဲ့ ငါးရက်အတွင်း ပြည်သူ ၁၀၀ ကျော်သေဆုံးထားတယ်လို့ ဖော်ပြပြီး ဘီဘီစီအနေနဲ့ ဒီအရေအတွက်ကို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ဒီနေ့မနက်ထုတ်ပြန်ချက်ထဲမှာတော့ အရပ်သားထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ တစုံတရာထည့်သွင်းဖော်ပြတာမတွေ့ရပါဘူး။
ထီးချိုင့်မြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက တိုက်ပွဲပြင်းထန်နေခဲ့ပြီး NUG ထိန်းချုပ်နိုင်ခဲ့တဲ့ ကောလင်းမြို့ကို စစ်ကောင်စီပြန်ရဖို့၊ PDF နဲ့မဟာမိတ်တပ်တွေ ဆက်ပြီးထိန်းချုပ်ဖို့မှာ ထီးချိုင့်မြို့က အခရာဖြစ်နေတယ်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။
ရသေ့တောင်၊ ချိန်ခါလီနယ်ခြားစောင့်တပ်စခန်း အေအေသိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, AA
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို ဒီကနေ့နိုဝင်ဘာ ၁၄ ရက်မနက်ပိုင်းမှာ သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် အေအေ က သတင်းထုတ်ပြန်လာပါတယ်။
ရခိုင်မှာ ၁၀၂၇ စစ်ဆင်ရေးအဖြစ် စတင်တိုက်ပွဲဖြစ်တဲ့ မနေ့တုန်းကစပြီး ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း၊ မေယုမြစ်ကမ်းဘေးက ဒုံးပိုက်နဲ့ ချိန်ခါလီကျေးရွာတွေက နယ်ခြားစောင့်တပ်တွေကို အေအေ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဒီနေ့ မနက် ၇ နာရီမှာတော့ ချိန်ခါလီစခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါအပြင် မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာတိုက်ပွဲတွေနဲ့ပစ်ခတ်မှုတွေ မနေ့ကရှိခဲ့ပြီး ဒီပစ်ခတ်မှုတွေကြား မြောက်ဦးမှာ အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲစတင်ဖြစ်တဲ့ မနက်ပိုင်းမှာပဲ ရန်ကုန် - စစ်တွေ အဝေးပြေးလမ်းမကြီးရဲ့ စစ်တွေမြို့နယ်အတွင်းက လမ်းပိုင်းတွေအပြင် မြို့နယ်အများစုက ကုန်းလမ်း၊ ရေလမ်းကြောင်းတွေပါ ပိတ်ခဲ့တာကြောင့် ပြည်သူအများစုစစ်ဘေးရှောင်ဖို့အခက်ကြုံနေရတယ်လို့ ဒေသတွင်းသတင်းဖော်ပြချက်တွေအရပါတွေ့ရပါတယ်။
ဒါအပြင် ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ဂွမြို့အစပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရေနံ့သာဂိတ်၊ အမှတ် (၃၄၄) အမြှောက်တပ်ဂိတ်၊ ဗေဒါဂိတ်၊ မြောက်စမ်းဂိတ်၊ ဒေါင်းကျောင်းဂိတ်၊ ဂွမြို့အဝင်ဂိတ်အပြင် ယာယီစခန်းတွေပါ ထပ်ပြီးဖွင့်ဖို့ကြိုးစားနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောကြပါတယ်။
APEC ညီလာခံတက်မယ့် ကမ္ဘာ့ခေါင်းဆောင်တွေကို မြန်မာ့အရေးဆန္ဒထုတ်ဖော်

ဓာတ်ပုံ ရင်းမြစ်, Alliance for Democracy in Myanmar (ADM)
အမေရိကန်နဲ့ တရုတ် သမ္မတတို့ တွေ့ဖို့ရှိနေတဲ့ အာရှ ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး - APEC ညီလာခံအစည်းအဝေးကျင်းပနေချိန်မှာပဲ မြန်မာစစ်တပ်ကို လေယာဥ်ဆီနဲ့ စစ်လက်နက် ပစ္စည်းတွေ မရောင်းဖို့ အဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန်ရောက်မြန်မာတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အထူးသဖြင့် ဒီအဖွဲ့ဝင်နိုင်ငံတွေထဲက ရုရှား၊တရုတ်၊ စင်ကာပူ၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေက ခေါင်းဆောင်တွေကို ရည်ရွယ်တာလို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့အဖွဲ့တွေက ပြောဆိုထားပါတယ်။
အခုနှစ်ရဲ့ APEC အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာ ကျင်းပနေတာဖြစ်ပြီး ရုရှားသမ္မတတက်ရောက်ဖို့မရှိတဲ့ ဒီညီလာခံရဲ့ ပြင်ပဆက်စပ်ဆွေးနွေးပွဲအနေနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ ကတော့ နိုဝင်ဘာ ၁၅ ရက်မှာတွေ့ဆုံကြဖို့ရှိပါတယ်။
ဒီလိုကမ္ဘာ့ခေါင်းဆောင်တွေစုဝေးဖို့ရှိနေတဲ့ ဒီညီလာခံကို အကြောင်းပြုပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု မဟာမိတ်အဖွဲ့ Alliance for Democracy in Myanmar (ADM)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU-USA) နဲ့ ဆန်ဖရန်စစ္စကတက္ကသိုလ်နဲ့ ကောလိပ်တွေမှာပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားတွေကစုပေါင်းဆန္ဒထုတ်ဖော်ကြတယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ ဒီဆန္ဒထုတ်ဖော်ပွဲကနေ အမေရိကန်အနေနဲ့ ဘားမားအက်ဥပဒေအတိုင်းမြန်မာကိုထောက်ပံ့ကူညီမူတွေအမြန်ဆုံးပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုလည်းထောက်ပံ့ဖို့တောင်းဆိုခဲ့ကြပါတယ်။
တခြားနိုင်ငံတွေကလည်း အစ္စရေး -ဂါဇာအရေး ၊ ရုရှား - ယူကရိန်းအရေးတွေအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေအနေတွေအတွက် ကမ္ဘာ့ခေါင်းဆောင်တွေကို ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
APEC အစည်းအဝေးကို အဖွဲ့ဝင် နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ သြစတြေးလျ၊ ဂျပန်နဲ့ ကနေဒါအပါအဝင် အဖွဲ့ဝင် ၂၁ နိုင်ငံတက်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။








