အမျိုးသား သတ်သေမှု များတာ အမျိုးသမီးတွေကြောင့်လို့ တောင်ကိုရီးယား နိုင်ငံရေးသမား အပြစ်တင်

south korea

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သေကြောင်းကြံသူကို နှစ်သိမ့်အားပေးတဲ့ ရုပ်တု
    • ရေးသားသူ, ဂျင်း မက္ကင်ဇီ
    • ရာထူးတာဝန်, ဆိုးလ် သတင်းထောက်

တောင်ကိုရီးယားလူ့အဖွဲ့အစည်းမှာ အမျိုးသမီး လွှမ်းမိုးမှု များလာလို့ အမျိုးသားတွေ သေကြောင်းကြံစည်တာ တိုးလာတယ်လို့ အထောက်အထားမရှိ ပြောတဲ့ နိုင်ငံရေးသမားတယောက်ကို ဝေဖန်နေကြပါတယ်။

ဒီနှစ်ပိုင်းအတွင်း အမျိုးသမီး အလုပ်သမား တိုးလာတဲ့အတွက် အမျိုးသားတွေ အလုပ်ရဖို့ ပိုခက်လာသလို သူတို့ကို လက်ထပ်မယ့် အမျိုးသမီး ရှာရလည်း ခက်လာတယ်လို့ ဆိုးလ် မြို့တော် ကောင်စီဝင် ကင်ကီဒပ်က စောဒက တက်ပါတယ်။

ဒါကြောင့် တောင်ကိုရီးယားဟာ အမျိုးသမီး ကြီးစိုးတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာပြီး အမျိုးသား သတ်သေမှု များလာတာကလည်း ဒါကြောင့် ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

တောင်ကိုရီးယားဟာ ကမ္ဘာပေါ်က ချမ်းသာတဲ့ နိုင်ငံတွေထဲ သေကြောင်းကြံစည်မှု အများဆုံး တနိုင်ငံဖြစ်သလို ကျားမ မညီမျှမှုမှာလည်း အဆိုးဆုံး တနိုင်ငံ ဖြစ်ပါတယ်။

ဆိုးလ်မြို့တော် ဟန်မြစ်ကူး တံတားတွေမှာ ဖြစ်တဲ့ သေကြောင်းကြံစည်မှုတွေကို သုံးသပ်ပြီး ဒီမိုကရက်တစ်ပါတီက မစ္စတာ ကင်က အစီရင်ခံစာ တစောင် ရေးပါတယ်။

south korea

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သေကြောင်းကြံမှုများတဲ့ ဟန်မြစ်ပေါ်က တံတားမှာ အရေးပေါ်ဖုန်းထားရှိ

ဆိုးလ်မြို့တော် ကောင်စီဝက်ဆိုက်မှာ ဖော်ပြတဲ့ ဒီအစီရင်ခံစာမှာ ၂၀၁၈ ကနေ ၂၀၂၃ အတွင်း ဒီမြစ်တလျှောက် သေကြောင်းကြံစည်မှုက ၄၃၀ ကနေ ၁၀၃၅ ကြိမ်ထိ တိုးလာပြီး သတ်သေသူ အချိုးအစားမှာလည်း အမျိုးသားပိုင်းက ၆၇ ကနေ ၇၇ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ ပါရှိပါတယ်။

သေကြောင်းကြံမှု တားဆီးရေး ပညာရှင်တွေကတော့ မစ္စတာကင်ရဲ့ ရေးသားမှုကို စိုးရိမ်ကြပါတယ်။

ဒီလို မစဉ်းမစား အထောက်အထား မလုံလောက်ဘဲ ရေးသားမှုတွေက ကြောက်စရာ ကောင်းကြောင်းဆိုးလ် ယွန်ဆိုင်း တက္ကသိုလ်က စိတ်ကျန်းမာရေး ပါမောက္ခ ဆောင်အင်ဟန်က ဘီဘီစီကို ပြောပါတယ်။

ကမ္ဘာအနှံ့ သတ်သေသူတွေထဲ အမျိုးသားက အမျိုးသမီးထက် များတာကို သူ ထောက်ပြပါတယ်။ ဗြိတိန်အပါအဝင် နိုင်ငံအများအပြားမှာ သေကြောင်းကြံမှုက အသက် ၅၀ အောက် အမျိုးသားတွေကြား သေနှုန်းအများဆုံး အကြောင်းရင်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဆိုးလ်မှာ သေကြောင်းကြံတဲ့ အမျိုးသား ဦးရေ တိုးလာတဲ့ နောက်ကွယ်က အကြောင်းတွေကို သိပ္ပံနည်းကျ လေ့လာဖို့ လိုတယ်လို့ ပါမောက္ခဆောင်က ပြောပါတယ်။ ဒီလို မြို့တော် ကောင်စီဝင်က ကျားမ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပြောဆိုတာတွေက သိပ်ဝမ်းနည်းစရာ ကောင်းတယ်လို့ သူက ဆိုပါတယ်။

south korea

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယား အမျိုးသမီး အလုပ်ခွင် ဝင်ရေး ရုန်းကန်ရဆဲ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တောင်ကိုရီးယားမှာ အမျိုးသားနဲ့ အမျိုးသမီး အချိန်ပြည့် အလုပ်အကိုင် ရရှိမှုမှာ ကွာဟချက်ကြီးပါတယ်။ အမျိုးသမီးတွေက ယာယီနဲ့ အချိန်ပိုင်းအလုပ်တွေပဲ ပိုလုပ်ကြရတာပါ။ လုပ်ခမှာလည်း ကျားမ ကွာဟချက် နည်းလာပြီ ဆိုပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေရတာထက် ၂၉ ရာခိုင်နှုန်း လျော့နည်း ရနေဆဲ ဖြစ်ပါတယ်။

ဒီနှစ်ပိုင်းအတွင်း တောင်ကိုရီးယားမှာ မဝါဒီတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု တက်လာခဲ့ပါတယ်။ ဒါကို ခေါင်းဆောင်သူတွေက စိတ်ပျက်နေတဲ့ လူငယ် အမျိုးသားတွေပါ။ အမျိုးသမီး ဘဝ တိုးတက်ရေး လှုပ်ရှားမှုတွေကြောင့် သူတို့ဘဝ အကျိုးယုတ်ရတယ်လို့ ဆိုပါတယ်။

ဒီလို အမြင်တွေကို ပဲ့တင်ထပ်ပြီး ဆိုးလ်မြို့တော် ကောင်စီဝင် ကင်ရဲ့ အစီရင်ခံစာက ကောက်ချက် ချခဲ့ပါတယ်။ အမျိုးသမီး ကြီးစိုးမှု ဖြစ်စဉ်ကို ကျော်လွှားနိုင်ရေးမှာ ကျားမတန်းတူရေးမှာ လူတွေရဲ့ ဂရုထားမှုကို တိုးမြှင့်ရမယ်လို့ ဆိုပါတယ်။ ဒါမှ အမျိုးသားနဲ့ အမျိုးသမီးတွေ တန်းတူ အခွင့်အရေးတွေ ခံစားနိုင်မယ်လို့ ကင်က ရေးပါတယ်။

X လူမှုကွန်ရက်ကနေ ကိုရီးယားတွေက ဒီမှတ်ချက်ကို အခြေအမြစ်မရှိ၊ မိန်းမမုန်းတီးရေး စကားတွေ ဆိုပြီး ပြစ်တင် ရှုတ်ချနေကြပါတယ်။ တယောက်က ဆိုရင် ဒီလူနဲ့ သူတို့ စင်ပြိုင် စကြာဝဠာမှာ နေနေကြတာလားလို့တောင် မေးခွန်းထုတ်ပါတယ်။

မစ္စတာကင်ဟာ ကိုရီးယားလူ့အဖွဲ့အစည်းမှာ ကျားမခွဲခြားမှုကနေ လွတ်မြောက်အောင် ရုန်းကန်နေရတဲ့ အမျိုးသမီးတွေကို အလွယ်တကူ အပြစ်တင်နေတယ်ဆိုပြီး တရားမျှတရေး ပါတီက စွပ်စွဲပါတယ်။ ဒီမှတ်ချက်စကားကို ပြန်ရုပ်သိမ်းပြီး ဒီပြဿနာအကြောင်းရင်းကို သေချာ သုံးသပ်သင့်တယ်လို့လည်း ဆိုပါတယ်။

ဘီဘီစီက ဆက်သွယ်တဲ့အခါမှာတော့ အမျိုးသမီး ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းကို ဝေဖန်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး ဆိုပြီး မစ္စတာကင်က ပြောပါတယ်။ ဒီကြီးစိုးမှုရဲ့ အကျိုးဆက်တွေကို သူ့ပုဂ္ဂိုလ်ရေးအမြင် သဘောထားကို ပေးတာပါလို့လည်း ဆိုပါတယ်။

south korea

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာမှာ ကလေးမွေးနှုန်း အကျဆုံး တောင်ကိုရီးယား

ဒီလို မှတ်ချက်ပေးတာမျိုးက တခြား သိပ္ပံနည်းမကျတဲ့ ခပ်ကြောင်ကြောင် နိုင်ငံရေး အကြံပြုလွှာတွေနဲ့ ဆင်တူပါတယ်။ တောင်ကိုရီးယားရဲ့ စိတ်ရောဂါ ထူပြောမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကမ္ဘာမှာ ကလေးမွေးနှုန်း အကျဆုံး ဖြစ်မှု စတဲ့ အရေးကြီးတဲ့ လူမှုကိစ္စတွေမှာ ကိုင်တွယ်ရာမှာ အကြံပြုကြတာ ဖြစ်ပါတယ်။

အသက် ၆ဝ ကျော် ဆိုးလ်မြို့တော် ကောင်စီဝင် နောက်တယောက်ကလည်း အရင်လကပဲ အစိုးရဝက်ဆိုက်မှာ အခန်းဆက် ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ အမျိုးသမီးငယ်တွေ မွေးနှုန်းတက်အောင် တင်ပါးဆုံကြွက်သားလေ့ကျင့်ခန်း လုပ်ကြဖို့ သူက အားပေးပါတယ်။

နောက်ပြီး တချိန်တည်းမှာပဲ တောင်ကိုရီးယား အစိုးရသုတေသီ တဖွဲ့ကလည်း မိန်းကလေးတွေကို ယောက်ျားလေးတွေထက် ကျောင်းစောထားဖို့ တိုက်တွန်းပါတယ်။ ဒါမှ လက်ထပ်နိုင်တဲ့ အရွယ်မှာ အတန်းသားချင်း ပို ဆွဲဆောင်မှု ရှိမယ်လို့ ဆိုပါတယ်။

south korea

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယား အမျိုးသားနဲ့ အမျိုးသမီး အလုပ်အကိုင် ရရှိမှု ကွာဟ

တောင်ကိုရီးယားမှာ မိန်းမမုန်းတီးရေး ဘယ်လောက် တွင်ကျယ်နေတယ်ဆိုတာကို ဒီလိုမှတ်ချက်တွေက ပြနေကြောင်း ကိုရီးယားအမျိုးသမီး အလုပ်သမားသမဂ္ဂက ညွှန်ကြားရေးမှူး ယူရီကင်က ပြောပါတယ်။ အမျိုးသမီးတွေ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ဒီနိုင်ငံရေးသမားနဲ့ မူဝါဒရေးဆွဲသူတွေက နားလည်အောင် မကြိုးစားနိုင်ကြဘူးလို့လည်း သူက စွပ်စွဲပါတယ်။ ဒီလိုကြိုးစားမယ့်အစား အမျိုးသမီးတွေကို လက်ညှိုးထိုးကြတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေ အလုပ်ခွင်ဝင်တာကို အပြစ်တင်တာက ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ ရှိတဲ့ မညီမျှမှုတွေကို ပိုရှည်ကြာစေလိမ့်မယ်လို့လည်း သူက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ တောင်ကိုရီးယား လွှတ်တော်အမတ် ၂၀ ရာခိုင်နှုန်းပဲ အမျိုးသမီးတွေ ဖြစ်သလို ဒေသကောင်စီတွေမှာလည်း အမျိုးသမီးက ၂၉ ရာခိုင်နှုန်းပဲ ပါပါတယ်။

ဆိုးလ်မြို့တော် ကောင်စီက သူ့ဝက်ဆိုက်မှာ ဝင်ရေးတဲ့ နိုင်ငံရေးသမားတွေရဲ့ အရေးအသားတွေကို တရားမဝင် ကိစ္စတွေ မဟုတ်ရင် စစ်ဆေးဖို့ မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။ ရေးသူ တယောက်ချင်းက ကိုယ်ရေးတာ ကိုယ်တာဝန်ယူရမှာ ဖြစ်ပြီး ဒီအကျိုးဆက်တွေကို နောက်ရွေးကောက်ပွဲမှာ ရင်ဆိုင်ရလိမ့်မယ်လို့လည်း ဆိုပါတယ်။

ဟိုဆူလီးနဲ့ လီညွန်ချွိုင်တို့ ဖြည့်စွက် ပေးပို့တယ်။