Parasite သရုပ်ဆောင် လီဆန်ဂျွန်းကို သေဆုံးလျက်တွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အော်စကာထူးချွန်ဆုရ Parasite (ကပ်ပါးကောင်) ကိုရီးယားရုပ်ရှင်မှာ သရုပ်ဆောင်မှုနဲ့လူသိများတဲ့ တောင်ကိုရီးယား သရုပ်ဆောင် မင်းသား လီဆန်ဂျွန်းကို ဒီဇင်ဘာ ၂၇ ရက်ကသေဆုံးလျက်တွေ့ရှိထားတယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြပါတယ်။
အသက် ၄၈ နှစ်အရွယ် မင်းသားကို ဆိုးလ်မြို့တော် အလယ်ပိုင်းက ပန်းခြံတစ်ခုထဲမှာရပ်ထားတဲ့ ကားတစ်စီးထဲမှာ ဗုဒ္ဓဟူးနေ့တုန်းက သတိမေ့မြောလျက်တွေ့ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။
သူဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ သူဟာ စာတစ်ဆောင်ရေးသား ချန်ထားခဲ့ပြီး အိမ်ကနေထွက်သွားခဲ့တယ်ဆိုတဲ့ အစီရင်ခံချက်တစ်ခုကို ရဲတပ်ဖွဲ့က ရရှိခဲ့မယ်လို့ ယွန်ဟတ်သတင်းဌာနက သတင်းဖော်ပြပါတယ်။
လီဟာ တရားမဝင် မူးယစ်ဆေးသုံးစွဲတယ်ဆိုတဲ့စွပ်စွဲချက်ကြောင့် အောက်တိုဘာလကတည်းက စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။ သူကတော့ ဆေးတွေသုံးမိအောင် လိမ်လည်လှည့်ဖျားခံခဲ့ရတာလို့ ပြောထားပါတယ်။
ယွန်ဟတ်သတင်းဌာနကတော့ ဆိုးလ်မြို့က ဘားတစ်ခုမှာ ဝန်ထမ်းတစ်ဦးက သူ့ကို မူးယစ်ဆေးဝါး သုံးခိုင်းမှု နဲ့ မသင်္ကာခံထားရတာလို့ ယွန်ဟတ်သတင်းမှာဖော်ပြပါတယ်။ သရုပ်ဆောင်ကလည်း ဘားဝန်ထမ်းအမျိုး သမီးကပေးတဲ့ အဲဒီဆေးဝါးတွေဟာ တရားမဝင်ဆေးတွေဆိုတာလားည်း မသိခဲ့ဘူးလို့ သရုပ်ဆောင်က ပြောထားတာလို့လည်း ပြောပါတယ်။
အဲဒီဝန်ထမ်းအမျိုးသမီးကတော့ သရုပ်ဆောင်ဟာ သူမရဲ့အိမ်မှာ ဆေးအကြိမ်ကြိမ်သုံးတယ်လို့ ရဲတပ်ဖွဲ့ကို ပြောထားတဲ့အကြောင်းသတင်းတွေမှာဖော်ြပပေမဲ့ သရုပ်ဆောင်ကတော့ အဲဒီပြောဆိုချက်ကို ငြင်းဆို ပါတယ်။ လီဆန်ဂျွန်းဟာ မုသားစကားပြောမပြောဆိုတာစစ်ဆေးမှုခံယူဖို့ သူ့ရှေ့နေကနေတဆင့်တောင်းဆို ခံခဲ့ရဖူးပါတယ်။
သူ့ရဲ့ဆေးသုံးမှုရှိ မရှိ စစ်ဆေးမှုတွေကတော့ ဆေးမသုံးကြောင်းပြရလဒ်တွေ ပေါ်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုတွေလုပ်နေတုန်းမှာ လီ သေဆုံးခဲ့တာအတွက် ဝမ်းနည်းတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပေမဲ့ စုံစမ်းစစ်ဆေးမှုကိုတော့ ‘‘(သူ့ရဲ့) သဘောတူလက်ခံမှုနဲ့ ပြုလုပ်ခဲ့တာ’’ လို့ News1 Korea သတင်းဌာနက သတင်းဖော်ပြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လီရဲ့ဂုဏ်သတင်းကို သိသိသာသာထိခိုက်မှုရှိစေခဲ့တဲ့ စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး အတော်လေး စိတ်ဝင်စားမှုများခဲ့ကြပါတယ်။ အောက်တိုဘာလမှာ ရိုက်ကူးရေးစတင်ခဲ့တဲ့ No Way Out ရုပ်သံဇာတ်လမ်းတွဲကနေ လီတစ်ယောက် ပယ်ချခံခဲ့ရပါတယ်။
သူဟာ သရုပ်ဆောင်သက် နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိတဲ့ မင်းသမီး ဂျွန်ဟဲဂျင်းနဲ့အိမ်ထောင်ကျပြီး သားနှစ်ယောက်ရှိပါတယ်။
သူဟာ ရုပ်ရှင်တွေနဲ့ရုပ်သံပေါင်း ဒါဇင်ချီမှာ ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၁၀ ပြည့်နှစ်တွေမှာ နာမည်ရလာတဲ့သရုပ်ဆောင် မင်းသားလည်းဖြစ်ပါတယ်။
ချို့တဲ့ဆင်းရဲတဲ့မိသားစုတစ်ခုက မိသားစုဝင်တွေက မသိကျွမ်းကြသူတွေလို ချမ်းသာတဲ့မိသားစုတစ်ခုဆီ စိမ့်ဝင်ရောက်ပြီးနောက် မတူညီတဲ့ လူ့အလွှာ ၂ ခုက မိသားစု ၂ ခု အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ Parasite(ကပ်ပါးကောင်) ရုပ်ရှင်ကားမှာ သူဟာ ချမ်းသာတဲ့ ပါ့ခ် မိသားစုက ဖခင်ဖြစ်သူ ပါ့ခ်ဒွန်အစ်အနေနဲ့ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
အဲဒီရုပ်ရှင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင် အော်စကာဆု ၄ ခုအထိရရှိခဲ့ပြီး အင်္ဂလိပ်စကားမပြောထားတဲ့ရုပ်ရှင်ကားတစ်ကားအနေနဲ့ စံချိန်တင်ဆုတွေ ရခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဆေးခြောက်အသုံးပြုတာအပါအဝင် မူးယစ်ဆေးဝါးဆိုင်ရာပစ်မှုကျူးလွန်မှုတွေကို ရာဇဝတ်မှုကြီးတွေအဖြစ် မှတ်ယူထားပါတယ်။ ဆေးခြောက်စားသုံးမိရင်တောင် ထောင်ဒဏ် ၅ နှစ်အထိ ပစ်ဒဏ် ကျခံနိုင်ပါတယ်။
အကူအညီရယူနိုင်ပါတယ်
ဒီသတင်းနဲ့ပတ်သက်ပြီး ကိုယ့်ရဲစိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုတစုံတရာရှိခဲ့မယ်ဆိုရင် အကူအညီရနိုင်မယ့် အဖွဲ့အစည်းတွေရဲ့အချက်အလက်အသေးစိတ်ကို BBC Action Line ကနေတဆင့် ရယူနိုင်ပါတယ်။











