ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်း အများအပြား မီးရှို့ဖျက်ဆီးခံရ-သြဂုတ်လ ၁၆ ရက်ညပိုင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ ဒေါသအမျက်ထွက်နေကြတဲ့ မူဆလင်တွေက ဒေသခံ ခရစ်ယာန်တွေကို တိုက်ခိုက်ခဲ့ကြပြီး ခရစ်ယာန် ဘုရားကျောင်းအများအပြား မီးတင်ရှို့ ခံခဲ့ရသလို နေအိမ်တွေလည်း မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။
ဂျရန်ဝါလားမြို့မှာ ခရစ်ယာန်ဘာသာဝင် နှစ်ဦးက အစ္စလာမ် ကိုရ်အာန်ကျမ်းစာကို မရိုမသေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ ထွက်ပေါ်ခဲ့အပြီး ဆူပူ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
အခုအခါ အဲဒီမှာ ဖယ်ဒရယ် တပ်ဖွဲ့တွေကို ချထားလိုက်ပြီ ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ ဘာသာရေး စော်ကားမှုဥပဒေတွေအရ အမှုဖွင့်ထားပြီး ဖြစ်တယ်လို့ တာဝန်ရှိအရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ ဖမ်းဆီးထိန်းသိမ်းတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
ပါကစ္စတန်မှာ ဘာသာရေးစော်ကားမှု ဥပဒေအရ သေဒဏ် အပြစ်ပေးနိုင်ပါတယ်။ ဒီဥပဒေနဲ့ သေဒဏ် အပြစ်ပေးခံရဖူးသူ တစ်ယောက်မှ မရှိသေးပေမဲ့ စွပ်စွဲခံရသူ အများအပြားဟာ ဒေါသထွက်နေကြတဲ့ လူအုပ်ကြီးရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးရလေ့ ရှိပါတယ်။
ဗီယက်နမ် ဗင်းဖာ့စ်ကား စရောင်းချိန်မှာပဲ ကုမ္ပဏီ ရှယ်ယာ ထိုးတက်သွား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗီယက်နမ် လျှပ်စစ်ကားကုမ္ပဏီ Vinfast ရဲ့ အစုရှယ်ယာ တန်ဖိုးဟာ နယူးယောက် နက်စ်ဒက်ခ် ညွှန်းကိန်းစျေးကွက်ထဲ စျေးဦးပေါက် ထိုးတက်သွားခဲ့ရာမှာ ကုမ္ပဏီတည်ထောင်သူ ဖမ်နက်ဗွန်း (Pham Nhat Vuong) ဟာ အာရှမှာ ပဉ္စမမြောက် အချမ်းသာဆုံး သူ ဖြစ်လာခဲ့ပါတယ်။
Vinfast ကားကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ အရောင်းအဝယ် စတဲ့ ပထမဆုံးနေ့မှာပဲ Ford နဲ့ GM ကားကုမ္ပဏီတွေရဲ့ ရှယ်ယာတန်ဖိုးထက် ပိုမြင့်သွားခဲ့ပါတယ်။
ကုမ္ပဏီတည်ထောင်သူ မစ္စတာဗွန်း ဟာ အခုအခါ ဒေါ်လာ ၃၉ ဘီလျံ ပိုကြွယ်ဝသွားပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ နဂိုကတည်းက ဗီယက်နမ်နိုင်ငံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။
ကားစျေးကွက်ကို ကြီးစိုးနိုင်ဖို့ ရိုးရိုးသာမန်ကားအမျိုးအစား ကုမ္ပဏီတွေနဲ့ အသစ်ပေါ်လာတဲ့ ကားအမျိုးအစား ကုမ္ပဏီတွေအကြား ပြိုင်ဆိုင်နေကြရာမှာ လျှပ်စစ်ကား စျေးကွက်က ထွန်းကားလာနေပါတယ်။
Vinfast ကားကုမ္ပဏီက အမြတ်အစွန်း မထွက်သေးပေမဲ့လည်း ဗီယက်နမ်လို အကုန်အကျနည်းတဲ့ နိုင်ငံမျိုးမှာ အရဲစွန့် ရင်းနှီးမြှုပ်နှံတာက အခွင့်အလမ်း ပိုများနိုင်တယ်ဆိုပြီး ရင်းနှီးမြှုပ်နှံသူတွေက ယူဆနေကြတာ ဖြစ်ပါတယ်။
ရုရှားအကျဉ်းစခန်းမှာ နှိပ်စက်ညှဥ်းပန်း ခံခဲ့ရတယ်လို့ ယူကရိန်း စစ်သုံ့ပန်းဟောင်းတွေပြော

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ယူကရိန်းစစ်သုံ့ပန်းဟောင်းတွေက ရုရှားနိုင်ငံအနောက်တောင်ပိုင်း တာဂန်ရော့ဂ်မြို့က အကျဉ်းစခန်းတစ်ခုမှာ သူတို့ ထိန်းသိမ်းခံထားရစဉ် နှိပ်စက်ညှဥ်းပန်း ခံခဲ့ရတယ်လို့ ဘီဘီစီကို ပြန်ပြောပြပါတယ်။
နေ့စဉ် လှည့်လည် စစ်ဆေးချိန်တွေ၊ စစ်ဆေးမေးမြန်းချိန်တွေမှာ ရိုက်နှက်တာမျိုး၊ ကျင်စက်နဲ့ တို့တာမျိုးတွေကို အကျဉ်းသားတွေ အကြိမ်ကြိမ် ခံခဲ့ရတယ်လို့ အကျဉ်းသား လဲလှယ်ရေး သဘောတူချက်နဲ့ ပြန်လွတ်လာခဲ့ကြတဲ့ ယူကရိန်းစစ်သုံ့ပန်းဟောင်း အများအပြားက ပြန်ပြောပြပါတယ်။
ရုရှားအစောင့်တပ်ဖွဲ့တွေက အကျဉ်းသားတွေကို တစ်ချိန်လုံး ခြိမ်းခြောက် ပြောဆိုနေတဲ့အတွက် အကျဉ်းသားတချို့က မဟုတ်မမှန် ဝန်ခံထွက်ဆိုခဲ့ကြရကြောင်းနဲ့ အဲဒီထွက်ဆိုချက်တွေကို နောက်ပိုင်းမှာ သူတို့ကို အပြစ်ပေးအရေးယူဖို့ အထောက်အထားအဖြစ် သုံးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရုရှားတွေဟာ အကျဉ်းသားတွေကို ဝဝလင်လင် ကျွေးမွေးတာမျိုး မရှိဘဲ လိုအပ်တဲ့ ဆေးဝါးကုသမှုမျိုး မပေးခဲ့ဘူးလို့လည်း ပြောပါတယ်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ ဘာတုံ့ပြန်ချက်မှ မထုတ်သေးပါဘူး။
ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနကလည်း အလားတူ ကိစ္စရပ်မျိုးတွေ ရှိတယ်ဆိုတာကို သူတို့ အထောက်အထား ရထားကြောင်း၊ ဒါပေမဲ့လည်း ရုရှားမှာ ရှိတဲ့ စစ်သုံ့ပန်း ထိန်းသိမ်းရေး စခန်းတွေဆီ သွားရောက်ကြည့်ရှုခွင့် မရနိုင်သေးကြောင်း ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်သစ် ခန့်ထားရေး Move Forward ပါတီရဲ့ အယူခံ ငြင်းပယ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်အမည် အဆိုတင်သွင်းဖို့ Move Forward ပါတီရဲ့ ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့ရအပြီး အယူခံလျှောက်ထားမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက လက်မခံဘဲ ငြင်းဆိုလိုက်ပါတယ်။
မေလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ Move Forward Party က လွှတ်တော်မှာ အမတ်နေရာ အများစု ရခဲ့တာပါ။ ဒါပေမဲ့ ဝန်ကြီးချုပ်အဖြစ် သူတို့ အမည်တင်သွင်းခဲ့တဲ့ ပီတာ လင်ဂျာရိုရတ် ဟာ အထက်လွှတ်တော်က ရှေးရိုးစွဲဝါဒီ အမတ်တွေနဲ့ ဘုရင်စနစ်အားပေးတဲ့ အမတ်တွေရဲ့ ထောက်ခံအားပေးမှု မရခဲ့ဘဲ ဖြစ်ခဲ့ရပါတယ်။
အခုအခါ ရွေးကောက်ပွဲမှာ ဒုတိယနေရာ ရခဲ့တဲ့ ဖူအာထိုင်း ပါတီက အဆိုပြုထားတဲ့ ဆရက်သာ သာဗီဆင် ကို ဝန်ကြီးချုပ်အဖြစ် ခန့်သင့်မခန့်သင့် လာမယ့် အင်္ဂါနေ့ကျရင် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြဖို့ ရှိနေပါတယ်။








