ရိက္ခာနဲ့လုံခြုံရေး စိုးရိမ်ပြီး တဖက်နိုင်ငံ ပြေးတာလို့ ဆို

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာတွေ ထပ်မံ ထွက်ပြေးလာနေကြပြီး တချို့ရက်တွေမှာ တသောင်းလောက်အထိ ရောက်လာနေကြတယ်လို့ UNHCR ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဘီဘီစီကို ပြောပါတယ်။

သူတို့ရဲ့ စားဝတ်နေရေးနဲ့ လုံခြုံရေးကို သူတို့က တာဝန်ယူပါတယ်လို့ ပြောဆို တားမြစ်နေတဲ့ကြားက အခုလို ထွက်ခွာနေကြတာလို့ မြန်မာ အစိုးရ အရာရှိတွေက ပြောပါတယ်။

ကျေးရွာတိုင်းမှာ အရင်က ရှိနေတဲ့ အိမ်ထောင်စု အရေအတွက် ၊ ကျား မ စာရင်း ဆိုင်းဘုတ်တွေထဲက အထောက်အထားတွေကို အခုအခါ ဖျက်နေတဲ့ အတွက် လူတွေက ပိုပြီး စိုးရိမ်လာ ကြတာလို့ ဘင်္ဂလားဒေ့ရှ် နယ်စပ် အခြေစိုက် ကုလားတန် သတင်းစာ အယ်ဒီတာ ဦးတင်စိုး က ပြောပါတယ်။

အခုအခါ မောင်တော စျေးကြီးကို ပိတ်ထားပြီး ဒေသခံတွေ အနေနဲ့ စျေးဝယ်မရဘဲ ရှိနေတဲ့ အပြင် မောင်တောမြို့ထဲမှာ ကာဖျူးက ၂၄ နာရီလို ဖြစ်နေတာကြောင့် စျေးလည်း ထွက်၀ယ်လို့ မရတော့ စားနပ်ရိက္ခာ ပြတ်နေတဲ့ အတွက် လူတွေ အနေနဲ့ ဘယ်လောက် ကြာရှည်ခံမလဲ မသိတာကြောင့် အခုလို တဖက်နိုင်ငံဆီ ထွက်ပြေးတာလို့ ဦးတင်စိုးကဆိုပါတယ်။

ဒါ့အပြင် ဒေသခံတွေ အနေနဲ့ သူတို့လုံခြုံရေးကို စိုးရိမ်လျက် ရှိပြီး ဘယ်နေ့ လာတိုက်မလဲ တထိတ်ထိတ် ဖြစ်နေတာကြောင့် ခုရက်ပိုင်း အတွင်း ပိုထွက်လာကြတယ်လို့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေက ပြောကြောင်း ဦးတင်စိုးက ပြောပါတယ်။

လူတွေ အနေနဲ့ အပြင်လည်း ထွက်လို့မရ ၊ အလုပ်လည်း လုပ်လို့မရ ၊ ရှိစုမဲ့စု ကလည်း ကုန်ခါနီး ဖြစ်နေပြီး UN ကလည်း မကူနိုင် အစိုးရကလည်း စားနပ်ရိက္ခာ မပေးတော့ ဘယ်လို ရပ်တည်နေနိုင်မလဲလို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။

အာဏာပိုင်တွေ အနေနဲ့ အလယ်သံကျော်ရွာမှာ တခါ ၊ ရွှေဇားရွာမှာ တခါ တဖက် နိုင်ငံ ထွက်ပြေးမယ့် သူတွေကို လာရောက်တွေ့ဆုံတာ ရှိခဲ့ပေမယ့် လုံခြုံရေး နဲ့ စားနပ်ရိက္ခာတွေလည်း ထောက်ပံ့ ကူညီမယ်လို့ ပြောနေပေမယ့် အခုအခါမှာ ဆန်တအိတ် ပေးပြီး တကယ်တန်း သူတို့ပြန်ချိန်မှာ ဒေသခံတွေ အနေနဲ့ လာရောက်တိုက်ခိုက် မီးရှို့တာ ခံရမယ် ဆိုရင် ဘယ်သူ စောင့်ရှောက်ပေးနိုင်မလဲ ဆိုတော့ မေးခွန်းကို ပြန်မဖြေနိုင်ဘဲ အဲလို ထုတ်ပြောတဲ့ သူတွေကို ရိုဟင်ဂျာတွေက စိတ်မချ ဖြစ်နေတယ်လို့ ဦးတင်စိုး က ပြန်ပြောပြခဲ့ပါတယ်။

အခု သီတင်းပတ် အတွင်းမှာတင် မြန်မာ ဖက်ကနေ ရောက်ရှိလာတဲ့ ဒုက္ခသည် အရေအတွက် တိုးလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဖက်ခြမ်းမှာရှိတဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေကလည်း ပြောနေတာ ဖြစ်ပါတယ်။