စပိုင် ထုတ်လွှင့်ချက်တွေ မြောက်ကိုရီးယား ပြုလုပ်ဟုဆို

ဓာတ်ပုံ ရင်းမြစ်, Michael Webb Keystone Getty Images
စစ်အေးကာလ အတွင်းက စပိုင်တွေကို ဆက်သွယ်ရာမှာ သုံးခဲ့တဲ့ နည်းလမ်းကို မြောက်ကိုရီးယားက အခု ပြန်လည် အသုံးပြု နေပုံရတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အရာရှိတွေက ဝေဖန် ပြောဆို လိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်းက ဘာအဓိပ္ပာယ်မှန်း မသိရတဲ့ နံပါတ်တွေ၊ ဂဏန်းတွဲတွေကို မြောက်ကိုရီးယား ရေဒီယို ကနေ နှစ်ကြိမ် ထုတ်လွှင့် ခဲ့ပါတယ်။
အဲဒီလို ထုတ်လွှင့်မှုရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို အတိအကျ မသိနိုင်ဘူးလို့ ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရသူ တစ်ဦးက ပြောပါတယ်။
ရေဒီယို ပြုံယမ်းကနေ ပြီးခဲ့တဲ့ သောကြာနေ့ည သန်းခေါင်ကျော်က အမျိုးသမီး တစ်ယောက် အသံနဲ့ ထုတ်လွှင့်ရာမှာ "နံပါတ် ၂၇ စူးစမ်းရှာဖွေရေး အေးဂျင့်တွေအတွက် ဆန်းစစ်ချက်တွေ ပေးမယ်" ဆိုပြီး ဆက်လက် ကြေညာရာမှာ "စာမျက်နှာ ၄၅၉ နံပါတ် ၃၅၊ စာမျက်နှာ ၉၁၃ နံပါတ် ၅၅၊ စာမျက်နှာ ၁၃၅ နံပါတ် ၈၆၊ စာမျက်နှာ ၂၅၇ နံပါတ် ၂" အစရှိသဖြင့် ၁၂ မိနစ်ကြာ ထုတ်လွှင့် သွားခဲ့တာ ဖြစ်ပါတယ်။
အလားတူ ပုံစံမျိုး ၂ မိနစ်စာ ထုတ်လွှင့်ချက် ကိုလည်း ဇွန်လ ၂၄ ရက်နေ့က ထုတ်လွှင့်ခဲ့တယ်လို့ အေပီ သတင်းဌာနက ပြောပါတယ်။
အဲဒီ ထုတ်လွှင့်ချက် တွေရဲ့ အဓိပ္ပာယ်ကို သိရဖို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ကြိုးစားနေပြီး တမင် ဆွပေးတဲ့ သဘောမျိုးလား ဆိုတာကိုလည်း သတိထား နေကြပါတယ်။
စစ်အေး ကာလ အတွင်းက အလားတူ ရေဒီယို ထုတ်လွှင့်မှုမျိုးတွေကို ကိုယ့်ရဲ့ ထောက်လှမ်းရေး အေးဂျင့်တွေနဲ့ ဆက်သွယ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြဖူးပါတယ်။ စပိုင်တွေက ရည်ညွှန်း စာအုပ်ကို သုံးပြီး အဓိပ္ပာယ် ပြန်ဖော် ကြရလေ့ ရှိပါတယ်။




