မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးကျည်စွမ်းရည် တိုးတက်လာ

မြောက်ကိုရီးယား ဟာ ကုလသမဂ္ဂရဲ့ ကန့်သတ် ပိတ်ဆို့ မှုတွေကို အံတုပြီး ဒုံးကျည် နှစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ အပေါ် အိမ်နီးချင်း နိုင်ငံတွေက စိုးရိမ်ကြောင်း ပြောနေပါတယ်။
မြောက်ကိုရီးယားဟာ ပြဿနာကို တမင်ဖန်တီးတဲ့ အနေနဲ့ မူဆာဒန် အမျိုးအစား ထိပ်ဖူးတပ် ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ တယ် ဆိုပြီး တောင်ကိုရီးယားက ပြောပါတယ်။
ဂျပန်ကလည်း မြောက်ကိုရီးယားရဲ့ အပြုအမူဟာ သည်းခံ နိုင်ဖွယ်ရာ မရှိဘူးလို့ ဆိုပါတယ်။
မြောက်ကိုရီးယား စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် နှစ်စင်းထဲက တစ်စင်းဟာ ကီလိုမီတာ ရာပေါင်းများစွာ ရောက်ရှိ နိုင်ခဲ့တာကို ကြည့်ရင် မြောက်ကိုရီးယားရဲ့ ဒုံးကျည် အစီအစဉ်တွေ တိုးတက် လာတာကို တွေ့နေရတယ် ဆိုပြီး တောင်ကိုရီးယားရော ဂျပန်ရောက ထောက်ပြ ပြောဆို နေပါတယ်။
အဲဒီ့ ထိပ်ဖူးတပ် ဒုံးကျည် အမျိုးအစားကို မြောက်ကိုရီးယား အရင် ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှု လေးကြိမ် စလုံးမှာ မအောင် မမြင် ဖြစ်ခဲ့ပါတယ်။
ပြုံယမ်း အစိုးရက နျူကလီ စမ်းသပ်မှုနဲ့ တာဝေးပစ် ဒုံးကျည်တွေ ပစ်လွှတ်မှုတွေ ပြုလုပ် ခဲ့တာကြောင့် မြောက်ကိုရီးယား အပေါ် ချမှတ် ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေကို အခု နှစ်ဆန်းကပဲ ပိုပြီး တင်းကြပ် ခဲ့ပါတယ်။




