ထရမ့်ကို သမ္မတလောင်း အဖြစ် အတည်ပြုကြမယ့် ရီပတ်ဘလစ်ကင် ညီလာခံ စတင်နေပြီ

အမေရိကန် ပြည်ထောင်စုမှာ ရီပတ်ဘလစ်ကင် ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံ စတင် ခဲ့ပြီ ဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာ လ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွက် ရီပတ်ဘလစ်ကင် ပါတီရဲ့ အဆုံးသတ် ပြင်ဆင်မှု တွေကို အိုဟိုင်အို ပြည်နယ်၊ ကလိဗ်လဲန် မြို့ မှာ ၄ ရက်တာ ကျင်းပမယ့် အခု ဒီ ညီလာခံ ကနေ ပြုလုပ် ကြမှာ ဖြစ်ပါတယ်။
ညီလာခံကို တက်ရောက် နေကြတဲ့ ရီပတ်ဘလစ်ကင် ပါတီ ကိုယ်စားလှယ် တွေ အနေနဲ့ အဓိက လုပ်ဆောင် ကြရမှာ ကတော့ ကုဋေကြွယ် သူဌေး ဒေါ်နယ်ထရမ့်ကို ပါတီကို ကိုယ်စားပြုတဲ့ သမ္မတ လောင်း အဖြစ် တရားဝင် အသိအမှတ်ပြု ကြရမှာပါ။
မစ္စတာ ထရမ့်ကို သမ္မတ လောင်း အဖြစ် ကန့်ကွက်ခွင့် မရကြတဲ့ ကိုယ်စားလှယ် တွေရဲ့ မကျေနပ် သံ တွေနဲ့ ညီလာခံ အစ နေ့မှာပဲ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်။
မစ္စတာ ထရမ့်ကို မထောက် ခံကြတဲ့ သမ္မတဟောင်း ဘွတ်ရှ် သား အဖ နှစ်ယောက် အပါအဝင် ထိပ်သီး ရီပတ်ဘလစ်ကင် ပါတီဝင် တချို့တော့ ညီလာခံကို လာ မတက် ကြပါဘူး။
ညီလာခံ ကျင်းပ နေတဲ့ ကလိဗ်လဲန် မြို့ မှာ လုံခြုံရေး တွေ တိုးမြှင့် တင်းကြပ် ထားပါတယ်။




