ဟီလာရီ ကလင်တန်ကို အီးမေးလ်ကိစ္စ FBI စစ်မေး

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်တစ် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်း အဖြစ် အခုလ နှောင်းပိုင်းကျရင် အတည်ပြု ခံရတော့မယ့် ဟီလာရီ ကလင်တန်ကို FBI ထောက်လှမ်းရေး အဖွဲ့က တွေ့ဆုံ မေးမြန်းတာတွေ ပြုလုပ် ခဲ့ပါတယ်။
၂ဝဝ၉ ခုနှစ် ကနေ ၂၀၁၃ အကြား နိုင်ငံခြားရေး ဝန်ကြီး တာဝန် ယူထား ခဲ့တုန်းက မစ္စစ် ကလင်တန် အနေနဲ့ အစိုးရ ရုံးကိစ္စတွေကို ကိုယ်ပိုင် အီးမေးလ် အသုံးပြုပြီး စာပေး စာယူတွေ ပြုလုပ် ခဲ့တဲ့ အပေါ် FBI က မေးမြန်း တာ ဖြစ်ပါတယ်။
ကိုယ်ပိုင် အီးမေးလ်ကို အဆင်ပြေ လွယ်ကူလို့ သုံးခဲ့တာက လွဲပြီး ဘယ်လို အမှားမျိုးမှ သူ့ အနေနဲ့ မကျူးလွန် ခဲ့ဘူး ဆိုပြီး မစ္စစ် ကလင်တန်က ပြောကြား ခဲ့ပါတယ်။
ဒါပေမယ့် အတိုက်အခံတွေ ကတော့ အဲဒီ့လို ကိုယ်ပိုင် အီးမေးလ် အသုံး ပြုခဲ့ခြင်းဟာ အစိုးရ လျှို့ဝှက် စာရွက်စာတမ်း တွေ ရာနဲ့ချီပြီး အများသူငါ အသုံးပြုတဲ့ အင်တာနက် နေရာကို ရောက်သွား စေတယ် ဆိုပြီး ဝေဖန် နေကြပါတယ်။
ဒီ ကိစ္စနဲ့ ပတ်သက်ပြီး မစ္စစ် ကလင်တန် အနေနဲ့ ဥပဒေကြောင်း အရ အရေးယူ ခံရ နိုင်တာမျိုး မကြုံတွေ့ရ နိုင်ဘူးလို့ ဥပဒေ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ဒါပေမယ့် သမ္မတလောင်း အနေနဲ့ အတည်ပြု ခံရတော့မယ့် ဒီမိုကရက်တစ် ပါတီ ညီလာခံ ကျင်းပဖို့ သီတင်းပတ် အနည်းငယ် အလိုမှာ FBI ဘက်က အခုလို မေးမြန်းတာတွေ ပြုလုပ် လာတာဟာ အင်မတန် တမျိုးတမည် ဖြစ်စေတယ် လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။




