ဗုံးကြောက်လန့်မှုကြောင့် မန်ယူအိမ်ကွင်း ပရီမီယာလိဂ် နောက်ဆုံးပွဲပျက်

မန်ချက်စတာ ယူနိုက်တက် အတွက် အခုနှစ်ရာသီ ပရီမီယာလိဂ် နောက်ဆုံးပွဲ အနေနဲ့ အိမ်ကွင်း အိုးလ်ဒ် ထရက်ဖို့ဒ်မှာ လက်ခံ ကစားမယ့် ဘော်န်းမာ့သ် အသင်းနဲ့ ပွဲကို ဗုံး ကွဲမှာ ကြောက်လန့် ရတဲ့ အတွက် ဖျက်သိမ်း ရွှေ့ဆိုင်း ခဲ့ရပါတယ်။
အိုးလ်ဒ် ထရက်ဖို့ဒ်ကွင်းမှာ မသင်္ကာဖွယ်ရာ အထုပ်တစ်ထုပ် တွေ့ခဲ့ရတဲ့နောက် ရဲတပ်ဖွဲ့ကလည်း ဖောက်ခွဲရေး ပစ္စည်းနဲ့ အင်မတန် တူတယ် လို့ ပြောဆို ခဲ့ပါတယ်။
ကျွမ်းကျင်သူတွေက စစ်ဆေး ခဲ့ကြ အပြီးမှာတော့ တကယ်တမ်း မပေါက်ကွဲ နိုင်တဲ့ ပစ္စည်း တစ်ခု အဖြစ် သတ်မှတ် နိုင်ခဲ့ ပါတယ်။
ဖောက်ခွဲရေး သင်တန်းသုံး ကိရိယာ ဖြစ်ပြီး ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီ တစ်ခုကနေ အနံ့ခံ ခွေးတွေ အသုံးပြု ပြုလုပ်တဲ့ လေ့ကျင့်ခန်း အပြီးမှာ မတော်တဆ မေ့ကျန်ရစ် ခဲ့တာ ဖြစ်တယ်လို့ မန်ချက်စတာ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီ့ အထုပ်ကို တွေ့ကာစ တနင်္ဂနွေနေ့ မွန်းလွဲပိုင်း ပွဲစဖို့ ၂ နာရီတောင် မလို တော့တဲ့ အချိန်တုန်း ကတော့ ပွဲကြည့်စင်တွေမှာ အသင့် ရောက်ရှိ နေနှင့်ကြပြီ ဖြစ်တဲ့ သောင်းနဲ့ချီတဲ့ ပရိသတ်တွေကို အနီရောင် အဆင့် သတိပေးမှု ပြုလုပ်ခဲ့ပြီး သွေးပူ လေ့ကျင့်ခန်း လုပ်နေကြတဲ့ ကစား သမားတွေလည်း ကွင်းထဲကနေ ထွက်သွား ခဲ့ကြ ပါတယ်။
အဲဒီ့နောက် ပွဲဖျက်သိမ်းကြောင်း ကြေညာကာ ပရိသတ်တွေကို တာဝန် ရှိသူတွေက ကွင်းထဲကနေ ဦးဆောင် ထုတ်သွား ခဲ့ပါတယ်။
ဘော်န်းမာ့သ်နဲ့ ပွဲကို ဘယ်နေ့ ပြန်ကန်မလဲ ဆိုတာ စီစဉ် နေကြဆဲ ဖြစ်ပါတယ်။
နောက်ရာသီမှာ ဥရောပ ချန်ပီယံလိဂ်ပွဲထဲ ပါဝင် နိုင်ရေးအတွက် ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ဆိုရင် ၃၈ ပွဲ အပြည့် ကစားပြီး ရမှတ် ၆၆ မှတ်၊ ဂိုးကွာခြားချက် အလုံး ၃၀ ရှိနေတဲ့ မန်စီးတီးထက် သာလွန်အောင် ယူနိုက်တက် အနေနဲ့ ဘော်န်းမာ့သ်ကို ၁၉ ဂိုးပြတ်နဲ့ နိုင်အောင် ကစားမှပဲ ဖြစ်နိုင်တော့မှာပါ။








