IS လက်ထဲက ပါမိုင်းယားမြို့ကို သိမ်းယူ

ဓာတ်ပုံ ရင်းမြစ်, EPA
ပါမိုင်းယား က တိုက်ပွဲကို ဆီးရီးယားအစိုးရလေတပ်နဲ့ ရုရှားလေတပ်တို့က ၃ ပတ်ကြာ အပြင်းအထန် စစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အခုအခါ မြို့ကို အပြည့်အဝ ပြန်သိမ်းနိုင်ပြီလို့ ဆီးရီးယားအစိုးရဘက်က ပြောပါတယ်။
အစိုးရဘက်က ထုတ်ပြန်တဲ့ ဗီဒီယိုတွေ၊ ပုံတွေထဲမှာဆိုရင် အစိုးရတပ်ဘက်က သံချပ်ကာကားတွေ၊ နဲ့ စစ်ရဟတ်ယာဉ်တွေ တိုက်ခိုက်နေပုံကို ပြသထားပါတယ်။
စစ်ဆင်ရေးတွေအများအပြားကို ကျယ်ကျယ်ပြန်ပြန့် လုပ်ဆောင်ပြီးနောက် ဆီးရီးယားနဲ့ ရုရှားတပ်တွေဘက်က လေကြောင်းပစ်ကူပေးမှုတွေနဲ့ မြေပြင်မှာတိုက်ပွဲတွေ ဆင်နွဲခဲ့ပါတယ်။
အောင်အောင်မြင်မြင်ထိန်းချုပ်နိုင်ပြီလို့ ကြေညာပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာဆိုရင်လည်း သူတို့ဟာ IS ပစ်မှတ် ၁၅၈ နေရာကို တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သွေးကြွ ၁၀၀ ကျော် သေဆုံးတယ်လို့ ဖော်ပြပါတယ်။
ဒါပေမယ့် ပါမိုင်းယား တိုက်ပွဲက ပြီးဆုံးသွားတဲ့ သဘောတော့ မရှိသေးပါဘူး။
ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောတာဆိုရင် သေနတ်သံတွေကို မြို့ရဲ့ အရှေ့ပိုင်းတွေမှာ ကြားနေရတုန်းပဲလို့ ဆိုပါတယ်။
ဒါပေမယ့် အစ္စလာမ္မစ်နိုင်ငံအဖွဲ့ IS က မြို့ရဲ့ နေရာအတော်များများကနေ ဆုတ်ခွာနေပြီ ဖြစ်ပါတယ်။
ပါမိုင်းယား မြိုရဲ့ မြို့ဆင်ချေဖုံးမှာဆိုရင် ရှေးဟောင်းအဆောက်အအုံတွေ အပျက်အစီးတွေ ရှိနေပါတယ်။
ကုလသမဂ္ဂ ယူနက်စကိုကလည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားပါတယ်။
အဲဒီနေရာကို IS စစ်သွေးကြွတွေကနေ ပြီခဲ့တဲ့နှစ် မေလက သိမ်းယူခဲ့တာပါ။
အဲဒီနောက် ရှေးဟောင်းအဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပြီး ကမ္ဘာကို ဒေါသထွက်စေခဲ့ပါတယ်။
ဒါကြောင့် ဒီနေရာကို ကမ္ဘာက အာရုံစိုက်နေတဲ့အတွက် ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်နဲ့ ရုရှားတို့ကလည်း ဒီနေရာကို မဟာဗျူဟာကျကျ အရေးကြီးတဲ့နေရာအဖြစ် စီးနင်းတိုက်ခိုက်တာ ဖြစ်ပါတယ်။
ဆီးရီးယား စစ်ဗိုလ်ချုပ်တစ်ဦးပြောတာက အခုလို ပါမိုင်ရာကို သိမ်းပိုက်နိုင်တာက ဘာကို ပြသလဲဆိုရင် အစိုးရတပ်နဲ့ သူ့ရဲ့ မိတ်ဆွေတွေသာလျှင် အကြမ်းဖက်မှုကို တိုက်ဖျက်နိုင်တယ်ဆိုတာ ပြသတာပဲလို့ ဆိုပါတယ်။
ဆိုလိုတာကတော့ အနောက်နိုင်ငံတွေဘက်က ဘယ်လို တိုက်ခိုက်နေပါစေ၊ မထိရောက်ဘူး အစိုးရနဲ့ ရရှားတို့ကပဲ ထိရောက်အောင် တိုက်နိုင်တယ်လို့ ဆိုလိုတာပါ။
တကယ်ပဲ ပါမိုင်ရာကို ပြန်သိမ်းနိုင်တာကတော့ ဆီးရီးယားအစိုးရအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို လုပ်နေတာဆိုတဲ့အပေါ် ကမ္ဘာကို လက်ဆုတ်လက်ကိုင် ပြသနိုင်စရာ အရာတစ်ခုလည်း ဖြစ်နေပါတယ်။








