ဂျပန် ဆူနာမီ ငါးနှစ်ပြည့် အမှတ်ရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျပန် နိုင်ငံမှာ လူပေါင်း တစ်သောင်း ရှစ်ထောင်ကျော် သေကြေ ပျောက်ဆုံး ခဲ့ရတဲ့ ငလျင်နဲ့ ဆူနာမီ ပေါ်ပေါက်ခဲ့တာ အခုဆို ငါးနှစ်တိတိ ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါတယ်။
တိုကျိုမြို့မှာ ပြုလုပ်တဲ့ အမှတ်ရပွဲကို ဂျပန် ဧကရာဇ် အာကီဟီတို နဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အဘေး တက်ရောက် ခဲ့ပြီး ငလျင်ကြီး လှုပ်ခတ်ခဲ့ချိန် အတိအကျမှာ တစ်နိုင်ငံလုံးက ငြိမ်သက်ခဲ့ရာမှာ ပူးပေါင်း ပါဝင် ခဲ့ကြပါတယ်။
ပြင်းအား ရစ်ချ်တာ စကေး ၉ ရှိတဲ့ ငလျင်ကြီးဟာ ဂျပန် အရှေ့မြောက် ကမ်းရိုးတန်း အနီးမှာ လှုပ်ခဲ့တဲ့အတွက် ကြီးကျယ်တဲ့ ဆူနာမီ လှိုင်းတွေ ပေါ်ပေါက်ခဲ့ပြီး ကမ်းရိုးတန်း တလျှောက်ကို လွှမ်းမိုး ဖျက်ဆီး ပစ်ခဲ့ပါတယ်။
အဲဒီ ဆူနာမီကြောင့် ချာနိုဘိုင်း နျူစက်ရုံ မတော်တဆမှု နောက်ပိုင်း ကမ္ဘာ့အဆိုးဝါးဆုံး နျူမတော်တမှု ဖြစ်တဲ့ ဖူကူရှီးမားက ဒိုင်အိချီ နျူစက်ရုံမှာ ယိုစိမ့်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဒိုင်အိချီ နျူစက်ရုံကို ရေလွှမ်းခဲ့ပြီးနောက် ဓာတ်ပေါင်းဖိုတွေကို အအေးပေးတဲ့ စနစ်တွေ ပျက်စီးခဲ့ကာ နျူယိုစိမ့်မှုတွေ ဆက်တိုက် ဖြစ်ပေါ်စေခဲ့တာပါ။
အဲဒီနောက်ပိုင်း ပတ်ဝန်းကျင် ဒေသ အတော်များများအထိ ဓာတ်ရောင်ခြည် ယိုစိမ့်မှုတွေ ဖြစ်ခဲ့လို့ အရပ်သား တစ်သိန်း ခြောက်သောင်း ကျော်ကို အရေးပေါ် နေရာ ပြောင်းရွှေ့ ပေးခဲ့ရပါတယ်။
ဓာတ်ရောင်ခြည် ကင်းစင်ရေး ဆောင်ရွက်ချက်တွေ အများအပြား လုပ်ခဲ့ပေမယ့် အဲဒီ အရပ်သားတွေထဲက အများစုဟာ အခု ငါးနှစ် ကြာလာချိန်အထိ သူတို့ နေရပ်တွေကို မပြန်နိုင်ကြ သေးပါဘူး။




