အိုကီနာဝါ စစ်စခန်းနေရာ ချဲ့ထွင်မှု ဂျပန် ရပ်တန့်

ဓာတ်ပုံ ရင်းမြစ်, AP
ဂျပန်နိုင်ငံ တောင်ပိုင်း၊ အိုကီနာဝါ ကျွန်းပေါ်က အမေရိကန် စစ်စခန်းကို အငြင်းပွားဖွယ် နေရာပြောင်းရွှေ့ ချထားဖို့အတွက် တည်ဆောက်ရေး လုပ်ငန်းတွေ ပြုလုပ်နေရာမှာ အခုတော့ အဲဒီ တည်ဆောက်မှုတွေကို ရပ်တန့်ပစ်ဖို့ ဝန်ကြီးချုပ် ရှင်ဇို အဘေးက သဘောတူ လိုက်ပါတယ်။
ဒေသ အာဏာပိုင်တွေနဲ့ ဗဟို အစိုးရ အကြား ကာလ အတန်ကြာ ဖြစ်နေတဲ့ အငြင်းပွားမှုကို ရပ်တန့် စေဖို့အတွက် တရားရုံးရဲ့ ကြားဝင် ဖြန်ဖြေမှုကို လက်ခံ လိုက်တယ်လို့ မစ္စတာ အဘေးက ပြောပါတယ်။
အိုကီနာဝါ ကျွန်းပေါ်က ဖူတန်မာ အမေရိကန် လေတပ်စခန်းကို လူနေထူထပ်တဲ့ လက်ရှိ နေရာကနေ အိုကီနာဝါ ကျွန်းပေါ်မှာပဲ အစွန်အဖျား တစ်နေရာကို ရွှေ့ပြောင်းဖို့ ဂျပန် အစိုးရက အလိုရှိနေတာပါ။
ဒါပေမယ့် ဒေသ အာဏာပိုင်တွေကတော့ အဲဒီ လေတပ်စခန်းကို ကျွန်းပေါ်ကနေ လုံးဝ ဖယ်ရှားပစ်ဖို့ တောင်းဆို နေတာ ဖြစ်ပါတယ်။
ဂျပန်အစိုးရက အဲဒီ လေတပ်စခန်းကို ပြောင်းရွှေ့ဖို့ ဟန်နိုကို ပြည်နယ်၊ နာဂိုမြို့ တောင်ပိုင်း၊ ရှဝက်ဘ် အမေရိကန် စစ်စခန်း အနီးက ကမ်းရိုးတန်းမှာ မြေပြုပြင် တည်ဆောက်မှုတွေ လုပ်ဆောင် နေခဲ့တာပါ။
အခုတော့ မစ္စတာ အဘေးက အဲဒီ တည်ဆောက်မှုတွေကို ရပ်တန့်ဖို့ သဘောတူလိုက်တာ ဖြစ်ပေမယ့် အဲဒီ လေတပ်စခန်းကို ဟန်နိုကို ပြည်နယ်ထဲ ရွှေ့မယ့် ဂျပန် အစိုးရရဲ့ အစီအစဉ်ကတော့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာစစ် ပြီးကတည်းက ဂျပန်ရဲ့ လုံခြုံရေးကို အမေရိကန်က တာဝန်ယူတဲ့ အစီအစဉ်အရ အိုကီနာဝါ ကျွန်းပေါ်မှာ စစ်စခန်း အများအပြား ရှိနေခဲ့ပြီး စုစုပေါင်း အမေရိကန် တပ်ဖွဲ့ဝင် ၂၆၀၀၀ လောက် ရှိနေပါတယ်။
၁၉၉၅ ခုနှစ်က ၁၂ နှစ်အရွယ် မိန်းကလေးကို အမေရိကန် တပ်သား ၃ ဦးက အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန် တပ်ဖွဲ့တွေ တည်ရှိနေမှုကို အိုကီနာဝါ ကျွန်းသားတွေ ပိုမို ဆန့်ကျင် လာခဲ့ကြတာ ဖြစ်ပါတယ်။








