ရန်ကုန်ဝန်ကြီးချုပ် အဖြစ် ဦးဖြိုးမင်းသိန်း တစ်ပြေးနေ

phyo_min_thein
ဓာတ်ပုံ ပုံစာ, ဦးဖြိုးမင်းသိန်းဟာ ၈၈ လူထု အရေးတော် ပုံ ကာလ တုန်းက လူ့ဘောင်သစ် နဲ့ ဗကသ အဖွဲ့ ဝင် အနေ နဲ့ လှုပ်ရှား ခဲ့ ဖူးသူ ဖြစ်ပြီး နိုင်ငံရေး လှုပ်ရှား မှု တွေ ကြောင့် ထောင် နှစ်ရှည် အချ ခံ ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က ဖွဲ့စည်း လာမယ့် တိုင်း နဲ့ ပြည်နယ် အစိုးရ အဖွဲ့ တွေ ထဲက အရေးကြီးတဲ့ ရန်ကုန်တိုင်း အစိုးရရဲ့ ဝန်ကြီးချုပ် နေရာ အတွက် ဦးဖြိုးမင်းသိန်း တစ်ယောက် တစ်ပြေး နေတယ် ဆိုပြီး ရန်ကုန် နိုင်ငံရေး အသိုင်း အဝိုင်း ထဲမှာ ကျယ်ကျယ် လောင်လောင် အသံတွေ ထွက်ပေါ် နေပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ နိုင်ငံရေး အယူအဆ နဲ့ သဘောထား အမြင် တွေ ဟာ တခါတရံမှာ ဝေဖန် စရာ တွေ ဖြစ်ခဲ့ ပေမယ့် နိုင်ငံရေး အရ ထက်မြက်သူ၊ ပါးနပ်သူ တစ်ဦး ဖြစ်တယ် လို့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ဖြစ်ဖူးတဲ့ လက်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ က ဦးတိုးတိုးထွန်း က ဘီဘီစီ ကို ပြောပါတယ်။

ဦးဖြိုးမင်းသိန်း အရွေးကောက်ခံ ခဲ့ရတဲ့ လှည်းကူး မြို့နယ် ထဲ ဖြစ်ပေါ် ခဲ့တဲ့ သမီးကလေး ကျေးရွာ အဖျက် ခံခဲ့ရတဲ့ ကိစ္စ မျိုးတွေ၊ ကျောင်းသား တွေ ရဲ့ ဒီမိုကရေစီ ပညာရေး သပိတ် တွေ နဲ့ ပတ်သက်ပြီး ဦးဖြိုးမင်းသိန်း ရဲ့ အပြောအဆို တွေ ဟာ နိုင်ငံရေး အသိုင်းအဝိုင်း အကြား ဝေဖန် စရာ မျိုး တွေ ဖြစ်စေခဲ့တယ် လို့ ဦးတိုးတိုးထွန်း က ဥပမာ ပေးပြီး ပြောပါတယ်။

ဒါပေမယ့်၊ တကယ်လို့သာ ဦးဖြိုးမင်းသိန်းကို NLD ပါတီကနေ ရန်ကုန်တိုင်း ဝန်ကြီးချုပ် နေရာ အတွက် တကယ်တမ်း လျာထား လာမယ် ဆိုရင် NLD ပါတီ က ချမှတ် တဲ့ မူဝါဒ အောက်မှာ အများ ပြည်သူ ဘက်က ရပ်တည် ပေးမယ် လို့ မျှော်လင့် ရတယ် ဆိုပြီး တော့လည်း ဦးတိုးတိုးထွန်း က သုံးသပ်ပါတယ်။

ဦးဖြိုးမင်းသိန်းဟာ ၈၈ လူထု အရေးတော် ပုံ ကာလ တုန်းက လူ့ဘောင်သစ် နဲ့ ဗကသ အဖွဲ့ ဝင် အနေ နဲ့ လှုပ်ရှား ခဲ့ ဖူးသူ ဖြစ်ပြီး နိုင်ငံရေး လှုပ်ရှား မှု တွေ ကြောင့် ထောင် နှစ်ရှည် အချ ခံ ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကို ဝင်ရောက်ဖို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ကို ဦးဆောင် ဖွဲ့ ခဲ့ပေမယ့် နောက်ပိုင်း အဲဒီ့ အချိန် က ရွေးကောက်ပွဲ ကော်မရှင် ရဲ့ အပြုအမူ တွေ အပေါ် ဝေဖန်ပြီး၊ ပါတီ ဥက္ကဌ အဖြစ်ကနေ နှုတ်ထွက် ခဲ့သလို ရွေးကောက်ပွဲ ကို လည်း သပိတ် မှောက် ခဲ့ ပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မှာတော့ NLD ပါတီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် အဖြစ် လှည်းကူး ကနေ အရွေးကောက် ခံ ခဲ့ရသလို၊ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ မှာလည်း ရန်ကုန်တိုင်း လွှတ်တော် အမတ် အနေနဲ့ ထပ်မံ ရွေးကောက် ခံ ခဲ့ ရပါတယ်။

မကြာခင် သမ္မတ နဲ့ ဒုတိယ သမ္မတ တွေ ကို ပြည်ထောင်စု လွှတ်တော် မှာ ရွေးချယ် ဆုံးဖြတ် လာ အပြီး မှာတော့ ပြည်နယ် နဲ့ တိုင်း ဒေသကြီး ဝန်ကြီး ချုပ် တွေ ကို သမ္မတ က ရွေးချယ် ခန့်အပ် သွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက ပြည်နယ် နဲ့ တိုင်း ဒေသကြီး အစိုးရ အဖွဲ့တွေ ကို ဦးဆောင် ဖွဲ့စည်း မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။