NLD ဘာကြောင့် နှုတ်ဆိတ် နေတာလဲ

လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေ က အတိမ်းအစောင်း မခံနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံရေး စိတ်ဝင်စားသူ တချို့က ပြောကြပါတယ်။
သမ္မတသစ်၊ အစိုးရသစ်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် တွေကို NLD က အထူးသတိထား လျှို့ဝှက်နေတာ တွေ့ရပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ ၂၆ နှစ်က ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ အာဏာလွှဲပြောင်း ပေးခြင်းမရှိခဲ့တာနဲ့ နှစ်ပေါင်း ၂၀ ကျော် အတွင်း တပ်မတော်နဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ မအောင်မြင်ခဲ့တာ အပေါ် သင်ခန်းစာယူပြီး သတိထား ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်က သုံးသပ် ပါတယ်။
စစ်တပ် အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကလည်း လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း နေရာယူထားပြီးဖြစ်တဲ့ အတွက် အာဏာပြန် မသိမ်းနိုင် တော့ဘူးလို့ ပြောနေကြပေမဲ့ ကြားမှာ အဖျက်အမှောင့် လုပ်ရပ်တွေပေါ်ပေါက်လာပြီး အာဏာလွှဲပြောင်း မပေးမှာကို ပြည်တွင်းမှာရော ပြည်ပမှာပါ စိုးရိမ် နေကြတယ်လို့ ဦးအောင်ဇော်က ပြောပါတယ်။
လောလောဆယ်မှာ သမ္မတသစ် ဘယ်သူဖြစ်လာမယ် ဆိုတာနဲ့ အစိုးရ အဖွဲ့သစ်မှာ ဘယ်သူတွေ ဖြစ်လာမယ် ဆိုတာ လူအများသိချင်နေကြပြီး ပြည်သူလူထုက တခဲနက် ထောက်ခံ မဲပေးပြီး ရွေးကောက် တင်မြှောက်ထားတဲ့ NLD အနေနဲ့ ပြည်သူတွေ သိအောင် ထုတ်ဖော် ပြောသင့်တယ်လို့ သူက ယူဆ ပါတယ်။
ဒါပေမဲ့ ပြည်သူတွေ သိလိုတာတွေကို NLD ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောတဲ့ အတွက် အခုချိန်ထိ ထင်ကြေးပေး အမျိုးမျိုး ခန့်မှန်း ပြောဆိုနေကြရာမှာ မှန်တာတွေ ရှိသလို မှားတာတွေလည်း တါေ့နေရတယ်လို့ ဦးအောင်ဇော်က ပြောပါတယ်။
ဒီလို ပွင့်လင်းမှု မရှိတာ တွေဟာ တိုင်းပြည်ရဲ့ ပကတိ အခြေအနေကို ထင်ဟပ်ပြနေတာလို့လည်း သူက ပြောပါတယ်။
အစိုးရဘက်မှာရော NLD ဘက်မှာပါ မယုံကြည်မှုတွေ ရှိနေတဲ့အပြင် နှစ်ဖက် စလုံးက ပြည်သူကို ချမပြရဲတာတွေ ရှိနေပြီး NLD မှာလည်း အားနည်းချက်တွေ အများကြီး ရှိတယ်လို့ ဦးအောင်ဇော်က ပြောပါတယ်။








