အီဂျီအန် ပင်လယ်ပြင်မှာ နေးတိုး စစ်သင်္ဘောတွေ တိုးချမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဥရောပ တိုက်ထဲကို ဝင်ရောက် နေတဲ့ ရွှေ့ပြောင်းသူ လူစီးကြောင်းကြီး ကို ဟန့်တား နိုင်ဖို့ ကြိုးစား နေတာ တွေ အရှိန်ရလာ ပါတယ်။
တူရကီ ကနေ ဂရိ နိုင်ငံ ဘက်ဆီ လူမှောင်ခို ခိုးထုတ် နေတာ တွေကို ရပ်တန့် နိုင်ဖို့ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ က အီဂျီအန် ပင်လယ်ပြင် မှာ ကင်းလှည့်မှု တွေ တိုးချဲ့ ဆောင်ရွက် လာပါတယ်။
ဂရိ နဲ့ တူရကီ ရေပိုင်နက် တွေ မှာ လှုပ်ရှားဖို့ သင်္ဘော တွေ ပိုမို စေလွှတ် သွားမှာ ဖြစ်တယ် လို့ နေးတိုး အဖွဲ့ က ပြောပါတယ်။
ဒါ့အပြင် ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ရဲ့ လူဝင်မှု ထိန်းချုပ်ရေး အဖွဲ့ နဲ့ လည်း အီဂျီအန် ပင်လယ်ပြင် မှာ ပူးပေါင်း ဆောင်ရွက်မှု တွေ တိုးမြှင့် ဆောင်ရွက် မှာ ဖြစ်တယ် လို့လည်း နေးတိုး အဖွဲ့က ဆိုပါတယ်။
မတ်လ ၇၇က် တနင်္လာ နေ့မှာ ဒုက္ခသည် အရေး နဲ့ ပတ်သက်ပြီး အီးယူ အဖွဲ့နဲ့ တူရကီ အကြား တွေ့ဆုံ ဆွေးနွေး ကြဖို့ ရှိနေပါတယ်။
ဥရောပ တိုက်ထဲ ရွှေ့ပြောင်းသူတွေ ဝင်ရောက်နေရာ ဘော်လ်ကန် အနောက်ဘက် ဒေသ လမ်းကြောင်း ကို ပိတ်ချ လိုက်ဖို့ သဘောတူညီ မှု တစ်ရပ် လည်း ရှိနေတဲ့ အကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။
ဒီအချိန်မှာပဲ၊ ပြင်သစ် နိုင်ငံ တောင်ပိုင်းမှာ ဒုက္ခသည် စခန်းတစ်ခု ဖွင့်လှစ် ပေးထားတယ် ဆိုပြီး နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ပြောပါတယ်။
ဒန်ခါ့ခ် မြို့ပြင် ဒုက္ခသည် စခန်း က သူတွေ ကို အဲဒီ့ စခန်းသစ် မှာ နေရာ ချထား ပေး နိုင်ဖို့ ဖြစ်ပါတယ်။
ဒန်ခါ့ခ် စခန်းက ဒုက္ခသည် တွေ ရဲ့ ယာယီတဲ တွေဟာ ပြီးခဲ့တဲ့လ က ကျရောက် ခဲ့တဲ့ မုန်းတိုင်း တွေ ရဲ့ ဒဏ်ကြောင့် အတော်လေး ထိခိုက် ပျက်စီး ခဲ့ကြ ရပါတယ်။
သူတို့ ဆောက်လုပ် ထားတဲ့ စခန်းသစ် က နေရာ ထိုင်ခင်း တွေဟာ နိုင်ငံတကာ စံချိန်စံညွှန်း တွေ နဲ့ ကိုက်ညီပြီး လူပေါင်း တစ်သောင်းခွဲ ကို နေစရာ ပေးနိုင်မှာ ဖြစ်တယ် လို့ MSF အဖွဲ့က ပြောပါတယ်။
အဲဒီ့ ဒုက္ခသည် စခန်းသစ် စီမံကိန်း နဲ့ ပတ်သက်ပြီး MSF အဖွဲ့ဟာ ဒေသခံ ပြင်သစ် အာဏာတွေ နဲ့ လက်တွဲ လုပ်ဆောင် နေတာ ဖြစ်ပေမယ့် ပြင်သစ် ဗဟို အစိုးရရဲ့ တရားဝင် ခွင့်ပြုချက် မျိုး တော့ ရရှိ မထားပါဘူး။
ဒုက္ခသည် တွေ အနေနဲ့ တရားဝင် ဖွင့်လှစ် ထားရှိတဲ့ ဒုက္ခသည် စခန်း တွေ မှာသာ သွားရောက် နေထိုင် ကြဖို့ ပြင်သစ် အစိုးရ က လိုလား နေပါတယ်။








