ဥရောပကို မလာကြဖို့ အီးယူ ကောင်စီဥက္ကဋ္ဌ သတိပေး

ဓာတ်ပုံ ရင်းမြစ်,
ရွှေ့ပြောင်းသူ ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တက်စ်က ဒုက္ခသည် မဟုတ်တဲ့ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ဥရောပကို ဝင်မလာကြဖို့ တိုက်ရိုက် သတိပေး ပြောဆို လိုက်ပါတယ်။
ဒုက္ခသည် မဟုတ်ဘဲ ဥရောပထဲ ဝင်ရောက်ဖို့ ကြိုးစားသူတွေ အနေနဲ့ ငွေကြေး အကုန်ခံ၊ အသက် အန္တရာယ် စတေးခံပြီး လူကုန်ကူးသူတွေကို မယုံကြဖို့ သူက ပြောပါတယ်။
မစ္စတာ တက်စ်ဟာ ရွှေ့ပြောင်းသူတွေ ဥရောပထဲ ဝင်လာနေမှုကို လျှော့ချနိုင်ဖို့ အတွက် ဂရိနဲ့ တူရကီ နိုင်ငံတွေဆီကို သွားရောက် ညှိနှိုင်းနေတာ ဖြစ်ပါတယ်။
ဂရိ မြောက်ဘက်က နိုင်ငံတွေက နယ်စည်း အဝင်အထွက်ကို တင်းကျပ်ခဲ့ပြီးနောက် ဂရိဘက်မှာ စုပြုံ သောင်တင် နေတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က ၂၅,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
သြစတြီးယားနဲ့ ဘော်လ်ကန် နိုင်ငံတွေက ဆီးရီးယားနဲ့ အီရတ် နိုင်ငံသားတွေကိုသာ ဝင်ခွင့်ပေးဖို့ ဆုံးဖြတ် ခဲ့ပြီးနောက် အဲဒီလို နယ်စည်း တင်းကျပ်မှုတွေ ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် အာဖဂန် နိုင်ငံသားတွေ အပါအဝင် ဘဝ တိုးတက်ရေးအတွက် တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားသူတွေအဖြစ် သတ်မှတ် ခံရတဲ့ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းသူတွေဟာ ဂရိဘက်မှာ ပိတ်မိ နေကြတာပါ။
သီးခြား ဖြစ်ရပ် အနေနဲ့ ပြင်သစ် နိုင်ငံ၊ ကယ်လေက ရွှေ့ပြောင်းသူတွေ အရေးနဲ့ ပတ်သက်ပြီး ယူကေ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ် တို့ တွေ့ဆုံ ဆွေးနွေး နေပါတယ်။




