ဆီးရီးယားမှာ ဗုံးတွေ ဆက်တိုက်ကွဲလို့ လူရာကျော် သေဆုံး

syria_bomb_blast_
ဓာတ်ပုံ ပုံစာ, ဟုမ်းစ် မှာ ကားဗုံး ခွဲ တိုက်ခိုက်မှု နှစ်ကြိမ် ဖြစ် ခဲ့လို့အနည်းဆုံး လူ ၅၇ ယောက် သေဆုံး။

ဆီးရီးယား နိုင်ငံမှာ ဗုံးပေါက်ကွဲမှု တွေ ဖြစ်ပေါ် ခဲ့ပြီး လူ အယောက် ၁၃၀ ကျော် သေဆုံး သွားပါတယ်။

ဒမတ်စ်ကပ်စ် မြို့တော် တောင်ပိုင်းက Sayyida Zeinab ဆိုတဲ့ ဆင်ခြေဖုံး အရပ် မှာ အနည်းဆုံး ဗုံး ၄ လုံးကွဲခဲ့ပြီး၊ အနည်းဆုံး လူ၈၃ ဦး သေဆုံး ခဲ့တယ် လို့ အစိုးရ မီဒီယာ တွေက ဆိုပါတယ်။

အစောပိုင်းတုန်းကလည်း ဆီးရီးယား အနောက်ပိုင်းက မြို့ကြီး ဖြစ်တဲ့ ဟုမ်းစ် မှာ ကားဗုံး ခွဲ တိုက်ခိုက်မှု နှစ်ကြိမ် ဖြစ် ခဲ့လို့အနည်းဆုံး လူ ၅၇ ယောက် သေဆုံး ခဲ့ရတာမှာ သေဆုံးသူတွေ ဟာ အရပ်သား အများစု ဖြစ်တယ် လို့ ဗြိတိန် အခြေဆိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ က ပြောပါတယ်။

ဗုံးခွဲမှု တွေကို အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့ IS က သူတို့ရဲ့ လက်ချက် ဆိုပြီး ကြေညာ ပါတယ်။

တခါ၊ ဆီးရီးယား မြောက်ပိုင်း အလက်ပ်ပို မြို့ အနီး မှာတော့ ဆီးရီးယား အစိုးရတပ် နဲ့ တိုက်ခိုက် နေကြတဲ့ IS အဖွဲ့ဝင် အယောက် ၅၀ ဝန်းကျင် သေဆုံး သွားတယ် ဆိုတဲ့ သတင်းတွေ ရထား ပါတယ်။

ဒီအချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ဆီးရီးယား ပဋိပက္ခ နဲ့ ပတ်သက်ပြီး ရုရှား နဲ့ကြား တချို့ နေရာ တွေမှာ အပစ်ရပ်ဖို့ ယာယီ သဘောတူမှု ရခဲ့ပြီ လို့ ပြောပါတယ်။