ဆီးရီးယား မြို့တစ်မြို့ကို အကူယာဉ်တန်း ရောက်ရှိ

ဓာတ်ပုံ ရင်းမြစ်, EPA
ဆီးရီးယား နိုင်ငံမှာ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ မြို့ ငါးမြို့က ဒုက္ခသည်တွေ အတွက် အစားအသောက်နဲ့ ဆေးဝါးတွေ ထောက်ပံ့မယ့် ယာဉ်တန်းတွေ ထဲက တစ်ခုဟာ မြို့တစ်မြို့ဆီကို ရောက်ရှိ သွားပါတယ်။
ဒမာ့စကတ် မြို့အနီးက Muadhamiya မြို့ထဲကို ကုန်တင်ကား ၃၅ စီး ဝင်လာတာ တွေ့ရတယ်လို့ ဆီးရီးယား လခြမ်းနီ အဖွဲ့က ဘီဘီစီကို ပြောပါတယ်။
ထောက်ပံ့ရေး ကုန်တင်ကားတွေဟာ ဒမာ့စကတ် မြို့အနီး သူပုန်တွေ လက်အောက်က Madaya, Zabadani မြို့တွေဆီကိုလည်း ဦးတည် ထွက်ခွာနေသလို၊ မြောက်ဘက်က အစိုးရ လက်အောက်ခံ ရွာနှစ်ရွာ ဖြစ်တဲ့ Foah နဲ့ Kefraya တို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
ကုလ သမဂ္ဂရဲ့ အဆိုအရ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ဆီးရီးယား ပြည်သူပေါင်း ငါးသိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။
ဒီလို အကူအညီတွေ ပေးပို့မှုဟာ သောကြာနေ့မှာ အပစ်ရပ်နိုင်မယ်လို့ မျှော်လင့်ချက်နဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေ သဘောတူ ထားခဲ့တဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
ဒါပေမယ့် အလက်ပိုမြို့ တဝိုက်က ဆီးရီးယား အစိုးရတပ်ရဲ့ ထိုးစစ်တွေနဲ့ ကာဒစ်ရှ် တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် အပစ်ရပ်နိုင်ရေး မျှော်လင့်ချက်က မှေးမှိန်လာခဲ့ပါတယ်။




