ဆီးရီးယား ဆေးရုံတွေ စာသင်ကျောင်းတွေ ဒုံးကျည်ထိမှန်ခံရလို့ ကုလ ရှုတ်ချ

ဓာတ်ပုံ ရင်းမြစ်, AP
ဆီးရီးယား မြောက်ပိုင်း မှာ ဆေးရုံ တွေ နဲ့ စာသင် ကျောင်းတွေ ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေ ကို အကြီးအကျယ် ချိုးဖောက်တာပဲ လို့ ကုလသမဂ္ဂက ရှုတ်ချ နေပါတယ်။
အဲဒီ တိုက်ခိုက်မှု တွေ ကြောင့် ကလေးသူငယ်တွေ အပါအဝင် လူ ၅၀ နီးပါး သေဆုံးခဲ့ရပြီး၊ တော်တော်များများလည်း ဒဏ်ရာရ ခဲ့ပါတယ်။
အဲဒီ့ လေကြောင်း တိုက်ခိုက်မှု တွေ ဟာ ရုရှားရဲ့ လက်ချက် ဆိုပြီး ဆီးရီးယား အရေး လှုပ်ရှား နေသူတွေ က စွပ်စွဲ နေပါတယ်။
Idlib ပြည်နယ် မှာ ရှိတဲ့ သူတို့ ရဲ့ ဆေးရုံ တစ်ရုံဟာ ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်တယ်လို့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ပြောပါတယ်။
တူရကီ နယ်စပ် အနီး ဆီးရီးယား သူပုန်တွေ ထိန်းချုပ် ထားတဲ့ အဇာ့ဇ် ဆိုတဲ့ မြို့က ကလေးဆေးရုံ လည်း လေကြောင်း တိုက်ခိုက်မှု ခံခဲ့ ပြီး အနည်းဆုံး ၁၀ ဦး သေဆုံး ခဲ့ရပါတယ်။
အခုတော့၊ ဆီးရီးယား နိုင်ငံ ထဲမှာ အပစ်ရပ် သဘောတူမှု ရရှိ နိုင်အောင် ကြိုးစား ဆောင်ရွက် ပေးဖို့ ဆီးရီးယား ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် စတယ်ဖန် ဒီ မစ္စတူရာ တစ်ယောက် ဒမတ်စ်ကပ်စ် မြို့တော် ကို ရောက်ရှိ လာပါတယ်။
ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး Walid al-Moallem နဲ့ မစ္စတာ ဒီမစ္စတူရာတို့ အင်္ဂါနေ့မှာ ဆွေးနွေးကြလိမ့်မယ် ဆိုပြီး ဆီးရီးယား အရာရှိတစ်ဦး က ပြောပါတယ်။
မြူးနစ် ဆွေးနွေးပွဲတုန်းက ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ သဘောတူ ထားခဲ့ ကြသလို ဆီးရီးယား နိုင်ငံထဲ လူသားချင်း စာနာ နားလည် တဲ့ အကူအညီ တွေ ပေးရေးတွက် အပစ်ရပ် သဘောတူမှု တစ်ရပ် အရင် ဖော်ဆောင်နိုင်ဖို့ မစ္စတာ ဒီမစ္စတူရာ လုပ်ဆောင် နေတာ ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ၊ ရုရှားရဲ့ လေကြောင်း ပစ်ကူတွေ နဲ့ ကာ့ဒ် မျိုးနွယ်စု လက်နက်ကိုင် တွေ ဦးဆောင် တဲ့ တပ်ဖွဲ့ တွေ ဟာ အစ္စလာမ်မစ် သူပုန်တွေ လက်ထဲက တဲလ် ရီဖာအာ့တ် ဆိုတဲ့ မြို့ကို ပြန်လည် သိမ်းယူ နိုင်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။
YPG လို့ ခေါ်တဲ့ ကာ့ဒ် တပ်ဖွဲ့ နဲ့ အာရပ် မျိုးနွယ်စု တိုက်ခိုက် ရေး သမားတွေ ရဲ့ တပ်ပေါင်းစု ဖြစ်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်များ အဖွဲ့ ဟာ ရက် အတန်ကြာ ရီဖာအာ့တ် မြို့သိမ်း တိုက်ပွဲ တွေ အပြင်းအထန် ဆင်နွှဲ ခဲ့ပြီး အခုဆို မြို့ကို ထိန်းချုပ် နိုင်လိုက်ပြီ ဖြစ်တယ် လို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ က ဆိုပါတယ်။
တူရကီ နိုင်ငံ ဘက်ကနေ နယ်စပ်ဖြတ်ကျော် ပစ်ခတ် နေတဲ့ လက်နက်ကြီး ဒဏ် ကြားထဲကပဲ ကာ့ဒ် တိုက်ခိုက်ရေး သမားတွေ နဲ့ သူတို့ရဲ့ မဟာမိတ်တွေဟာ အခုလို ရီဖာအာ့တ် ကို သိမ်းပိုက် လိုက်နိုင်တာ ဖြစ်တယ်လို့လည်း အဲဒီ့ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။








