တောင်အာဖရိက သမ္မတ သုံးခဲ့တဲ့ငွေတချို့ ပြန်ပေးမယ်

ဓာတ်ပုံ ရင်းမြစ်, Getty
တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူးမားက သူ့ရဲ့ ကျေးလက်နေအိမ် ပြုပြင်ရာမှာ အငြင်းပွားဖွယ် သုံးခဲ့တဲ့ ပြည်သူပိုင်ငွေ ဒေါ်လာ ၂၃ သန်းထဲက တချို့တဝက်ကို ပြန်ပေးမယ်လို့ ပြောလိုက်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားရုံးမှာ ကြားနာဖို့ ရှိနေချိန် တစ်ပတ် အလိုမှာ အခုလို သမ္မတရဲ့ ကြေညာချက် ထွက်ပေါ် လာတာ ဖြစ်ပါတယ်။
အဲဒီ နေအိမ် ပြင်ဆင်မှုတွေကနေ မစ္စတာ ဇူးမား အနေနဲ့ အကျိုးအမြတ်တွေ အများကြီး ရခဲ့တယ်လို့ ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ စုံစမ်း စစ်ဆေးမှု အစီရင်ခံစာ တစ်ခုက ပြောထားပါတယ်။
မစ္စတာ ဇူးမားကတော့ ဒီအငြင်းပွားမှုကို အဆုံးသတ်ဖို့အတွက် အဲဒီ ငွေတွေထဲက ဘယ်လောက်ကို ပြန်ပေးရမလဲ ဆိုတာ ဆုံးဖြတ်ဖို့ စာရင်းစစ်ချုပ်နဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေကို မေးထားပါတယ်။
သမ္မတ ဇူးမားရဲ့ ကျေးလက်နေအိမ် ပြုပြင်မှုဟာ တောင်အာဖရိက နိုင်ငံမှာ အငြင်းပွားဖွယ် အဖြစ်ဆုံး နိုင်ငံရေး ပြဿနာ ဖြစ်လာ ခဲ့တာပါ။
အဲဒီ ငွေတွေထဲက တချို့ကို ပွဲကြည့်စင် တစ်ခု၊ ရေကူးကန် တစ်ခုနဲ့ ကျွဲနွားခြံ တစ်ခု ဆောက်လုပ် ရာမှာလည်း သုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စကို အကျင့်ပျက်မှု အဖြစ် အမှုလုပ်ထားတဲ့ မစ္စတာ ဇူးမားရဲ့ ပြိုင်ဖက် ပါတီ ၂ ခုကတော့ သူ့ရဲ့ ကမ်းလှမ်းချက်ကို ဂရုမစိုက်ဘဲ ဆက်ပြီး တရားရင်ဆိုင် သွားမယ်လို့ ပြောပါတယ်။




