လူဝင်မှု ထိန်းချုပ်ဖို့ ဂရိက လျစ်လျူရှုခဲ့

ဓာတ်ပုံ ရင်းမြစ်, AP
ဂရိနိုင်ငံဟာ ဥရောပ သမဂ္ဂရဲ့ ရှန်ဂန် ဧရိယာ နယ်မြေ အဝင်အထွက်ကို ထိန်းချုပ်ဖို့ ဆိုးဆိုးရွားရွား လျစ်လျူရှု ခဲ့တယ်လို့ အီးယူ ကော်မရှင်က ပြောလိုက်ပါတယ်။
အီးယူ ကော်မရှင်ရဲ့ အကဲဖြတ်ချက် အရ ဂရိဟာ နိုဝင်ဘာထဲမှာ ရောက်လာတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို မှတ်တမ်းသွင်းတာ၊ စစ်ဆေးတာ၊ လက်ဗွေနှိပ်တာ စတာတွေ လုပ်ဖို့ ပျက်ကွက် ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအကြောင်း အစီရင်ခံစာ အကြမ်းကို ရှန်ဂန် ဧရိယာထဲက တခြား အီးယူ နိုင်ငံတွေ သဘောတူခဲ့မယ် ဆိုရင် ဂရိ အနေနဲ့ ၃ လ စောင့်ကြည့် ခံရမှာ ဖြစ်ပါတယ်။
တကယ်လို့ ၃ လ အတွင်း မတိုးတက်လာဘူး ဆိုရင်တော့ ကျန် အီးယူ နိုင်ငံတွေက ဂရိနဲ့ နယ်စပ်ကို ယာယီ ပိတ်ပစ်နိုင်တဲ့ အနေအထား ရှိပါတယ်။
ပတ်စ်ပို့ ကိုင်စရာ မလိုတဲ့ ရှန်ဂန် ဧရိယာဟာ ရွှေ့ပြောင်း ဝင်ရောက်သူ တွေကြောင့် ခြိမ်းခြောက် ခံနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ထဲမှာ ရွှေ့ပြောင်းသူတွေနဲ့ ဒုက္ခသည်တွေ ၈ သိန်းခွဲကျော် ဂရိကို ရောက်လာ ခဲ့ပါတယ်။
သြစတြီးယားနဲ့ ဟန်ဂေရီ အပါအဝင် အီးယူ နိုင်ငံ အချို့ကတော့ နယ်နိမိတ် ထိန်းချုပ်မှုတွေကို ပိုမို တင်းကျပ် ခဲ့ကြပါတယ်။




