ဂရိကမ်းလွန်မှာ လှေတွေမှောက်လို့ ၄၂ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AP
တူရကီ ဘက်ကနေ ဂရိ ဘက်ကို ဖြတ်ကူးတဲ့ ရွှေ့ပြောင်းသူတွေရဲ့ လှေနှစ်စီး အစ်ဂျီယံ ပင်လယ်ထဲမှာ နစ်မြုပ်ခဲ့လို့ စုစုပေါင်း ၄၂ ယောက် ရေနစ် သေဆုံး ခဲ့တယ်လို့ သိရပါတယ်။
လှေတစ်စီး ကတော့ ဂရိပိုင် ကာလိုလင်မ်နော့စ် ကျွန်းအနီးမှာ နစ်မြုပ်ခဲ့ပြီး ကလေး ၁၁ ဦး အပါအဝင် ရွှေ့ပြောင်းသူ ၃၄ ယောက် သေဆုံး ခဲ့ပါတယ်။
နောက် တစ်စီးကတော့ ဖာမာကိုနီစီ ကျွန်းအနီးမှာ နစ်မြုပ်ခဲ့ပြီး ၈ ဦး သေဆုံး ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀၁၅ အတွင်းမှာ ဥရောပဘက်ကို ရောက်လာတဲ့ ရွှေ့ပြောင်းသူ စုစုပေါင်း ၁ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ အထဲမှာ လူ ၇၀၀ ကျော်က တူရကီ ဘက်ကနေ ဂရိဘက် ဖြတ်ကူးစဉ် အစ်ဂျီယံ ပင်လယ်အတွင်း လှေမှောက် သေဆုံး ခဲ့ကြပါတယ်။
အခုနှစ် ၂၀၁၆ အတွင်းမှာတော့ အစ်ဂျီယံ ပင်လယ်ထဲ လှေမှောက် သေဆုံးသူ အနည်းဆုံး လူ ၁၀၀ ရှိသွားပြီ ဖြစ်ပါတယ်။
ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်က ဒီကနေ့ သောကြာနေ့မှာ တူရကီ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး ဒီပြဿနာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။




