ရွှေ့ပြောင်းသူ အလောင်းတွေ တူရကီ ကမ်းခြေမှာ တွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, EPA
တူရကီ နိုင်ငံ အေဂျီယံ ပင်လယ် ကမ်းခြေမှာ ကလေးငယ်တွေ အပါအဝင် ရွှေ့ပြောင်း ဝင်လာသူ အနည်းဆုံး လူ ၂၁ ယောက် ရဲ့ အလောင်းတွေ တွေ့ခဲ့တယ်လို့ တူရကီ ရဲက ပြောပါတယ်။
ဒီလူတွေဟာ ဂရိ နိုင်ငံဘက်က Lesbos လက်ဇ်ဘော့စ် ကျွန်းဆီကို လှေနဲ့ ဖြတ်ကူး ကြသူတွေ ဖြစ်ပြီး ရာသီ ဥတု ဆိုးရွားလို့ လှေမှောက် သေဆုံး ကြသူတွေ ဖြစ်တယ်လို့ တူရကီ သတင်း ဌာနတွေက ပြောပါတယ်။
တချို့ကို အသက်ရှင်ရက် ကယ်ဆယ် နိုင်ခဲ့တယ်လို့ ဆိုပြီး ကမ်းခြေစောင့် တပ်ကလည်း ရှာဖွေ နေပါတယ်။
လှိုင်းထန်တဲ့ ပင်လယ် ကမ်းခြေ တခု ဘေးမှာ အသက်ကယ် အင်္ကျီတွေ ဝတ်ထားတဲ့ လူတွေ ရဲ့ အလောင်းတွေ လာတင်နေတာကို ဗီဒီယိုနဲ့ ဓာတ်ပုံ တွေမှာ တွေ့ရပါတယ်။
၂၀၁၆ နှစ်ဆန်း ၃ ရက်အတွင်းမှာ ဂရိကို လူ ၅ဝဝဝ ကျော် ကူးလာ ကြတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်း ဝင်လာသူများ အဖွဲ့က ပြောပါတယ်။




