အီရတ် ရှေးဟောင်း ဘုရားကျောင်းကို IS ဖျက်ဆီး

စိန့် အယ်လီဂျာ ဘုရားကျောင်းရဲ့ ၂၀၁၁ မတ်လ ဂြိုဟ်တု ဓာတ်ပုံနဲ့ ၂၀၁၄ စက်တင်ဘာ ဂြိုဟ်တု ဓာတ်ပုံ နှိုင်းယှဉ်ချက်။

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, စိန့် အယ်လီဂျာ ဘုရားကျောင်းရဲ့ ၂၀၁၁ မတ်လ ဂြိုဟ်တု ဓာတ်ပုံနဲ့ ၂၀၁၄ စက်တင်ဘာ ဂြိုဟ်တု ဓာတ်ပုံ နှိုင်းယှဉ်ချက်။

အီရတ် နိုင်ငံမှာ ရှိတဲ့ သက်တမ်း အရင့်ဆုံး ခရစ်ယာန် ဘုရားကျောင်းကို အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့က ဖြိုချ ဖျက်ဆီး လိုက်တယ် ဆိုတာကို ဂြိုဟ်တု ဓာတ်ပုံတွေ အရ အတည်ပြု နိုင်ခဲ့ပါတယ်။

အဲဒီ စိန့် အယ်လီဂျာ ဘုရားကျောင်းဟာ အီရတ် မြောက်ပိုင်းက မိုဆူးလ်မြို့ အနီး တောင်ကုန်း တစ်ခုပေါ်မှာ နှစ်ပေါင်း ၁၄၀၀ လောက် တည်ရှိ နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ ဘုရားကျောင်းဟာ ၂၀၁၄ ခုနှစ် နှောင်းပိုင်းမှာ IS အဖွဲ့က မိုလ်ဆူးမြို့ကို သိမ်းပိုက်ပြီး မကြာမီမှာပဲ ဖျက်ဆီး ခံလိုက်ရတာလို့ ဓာတ်ပုံ အကဲဖြတ်သူတွေက ပြောပါတယ်။

မိုဆူးလ် မြို့က ကက်သလစ် ဘုန်းတော်ကြီး Paul Thabit Habib က ခရစ်ယာန် ဘာသာရဲ့ သမိုင်းကြောင်းဟာ ရိုင်းရိုင်းစိုင်းစိုင်း ဖျက်ဆီး ခံနေရပြီလို့ သတိပေး ပြောဆို ပါတယ်။

IS အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားမှာ ရှိတဲ့ ခရစ်ယာန် တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူတာ၊ အစ္စလာမ် ဘာသာထဲ အတင်း အဓမ္မ ပြောင်းခိုင်းတာတွေ လုပ်ကြပါတယ်။

ဝတ်ကျောင်းတွေ အများအပြားနဲ့ အစ္စလာမ် ဘာသာ မပေါ်ခင် ကတည်းက ရှိခဲ့တဲ့ နာမည်ကျော် မြို့ဟောင်းတွေကိုလည်း IS အဖွဲ့က ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။