ဒယ်ရ် အယ်လ်-ဇူအာ မြို့ မှာ အရပ်သား ၂ သိန်းကျော် အစာပြတ်လပ်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယား နိုင်ငံ အရှေ့ဘက်ပိုင်း၊ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင် တွေ ထိုးစစ် အသစ် ဆင်လာ နေတဲ့ ဒယ်ရ် အယ်လ်-ဇူအာ မြို့ မှာ အရပ်သား ၂ သိန်း ကျော်ဟာ အစာရေစာ ပြတ်လပ်မှု အကြီးအကျယ် ကြုံနေ ရတယ် ဆိုပြီး ကုလသမဂ္ဂ က သတိပေး လိုက် ပါတယ်။
ငတ်မွတ်တဲ့ ဒဏ် ကြောင့် သေဆုံး ကြရသူ အယောက် ၂၀ လောက် ထိ ရှိ နေပြီ ဆိုတဲ့ အတည် မပြု နိုင်သေးတဲ့ သတင်းတွေ ရရှိ ထားတယ် လို့လည်း ကုလသမဂ္ဂ အဖွဲ့ က ဆိုပါတယ်။
ဒယ်ရ် အယ်လ်-ဇူအာ ရဲ့ အစိတ်အပိုင်း အတော် များများကို IS က ထိန်းချုပ် ထားပြီး အစိုးရ တပ် တွေ ရှိနေသေးတဲ့ အနောက်ဘက်ပိုင်း နယ်မြေ တွေကို IS တွေ ပိတ်ဆို့ ထား ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို လ အတန်ကြာ ပိတ်ဆို့ ထား ခဲ့ပြီးတဲ့ နောက် အခုဆို ထိုးစစ် အသစ် တွေ ပြုလုပ် လာတာမှာ အရပ် သား တွေ အပါအဝင် ဆီးရီးယား အစိုးရ စစ်သား တွေ နဲ့ အစိုးရ အပေါ် လိုလားတဲ့ လက်နက်ကိုင် တွေ သေဆုံး မှု ရှိ ခဲ့တယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။




