ကနေဒါ သင်းအုပ်ဆရာကို မြောက်ကိုရီးယား ထောင်တစ်သက်ချ

ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယား နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးချုပ်က ကနေဒါ နိုင်ငံသား သင်းအုပ်ဆရာ တစ်ဦးကို နိုင်ငံတော် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် လို့ဆိုတဲ့ စွဲချက်တွေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက် ချမှတ် လိုက်ပါတယ်။
အသက် ၆၀ အရွယ် Hyeon Soo Lim ဆိုသူကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြုံယမ်း မြို့မှာ လူသားချင်း ကူညီတဲ့ အလုပ်တွေ လုပ်ဆောင်နေစဉ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သူဟာ တောင်ကိုရီးယား နွယ်ဖွား ဖြစ်ပြီး ကနေဒါ နိုင်ငံ၊ တိုရွန်တိုမြို့ အခြေစိုက်တဲ့ သင်းအုပ်ဆရာ တစ်ဦး ဖြစ်ပါတယ်။ သူက အစိုးရကို ဖြုတ်ချဖို့၊ ဘာသာတရားနဲ့ နိုင်ငံတော် တစ်ခု ထူထောင်ဖို့ ကြံစည်ခဲ့တယ် ဆိုပြီး အပြစ် ဝန်ခံခဲ့တာကို အစောပိုင်းက သတင်းမှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။
မြောက်ကိုရီးယားမှာ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ လုပ်ဆောင်မှုတွေကို ပိတ်ပင် ထားပါတယ်။
ဘာသာရေးဆိုင်ရာ သာသနာပြု လုပ်ငန်းတွေ လာလုပ်ကြတဲ့ နိုင်ငံခြားသား တွေကို မြောက်ကိုရီးယား အစိုးရက အခါအားလျော်စွာ ဖမ်းဆီးလေ့ ရှိပြီး အဖမ်းခံရသူတွေ အပြစ် ဝန်ခံတာကိုလည်း လူသိရှင်ကြား ဖော်ပြလေ့ ရှိပါတယ်။




