ပဲရစ်မြို့ တိုက်ခိုက်မှုတွေကို အုပ်စု၃ခုခွဲပြီး လုပ်ဆောင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP
ပြင်သစ် နိုင်ငံ ပဲရစ် မြို့တော် မှာ ပြီးခဲ့တဲ့ သောကြာ နေ့ ညနေ ခင်း က တုန်လှုပ် ဖွယ် ဖြစ်ပေါ် ခဲ့တဲ့ ပစ်ခတ်မှု တွေ နဲ့ ဗုံး ဖောက်ခွဲ တိုက်ခိုက် မှု တွေ ကို ကျူးလွန် ခဲ့ ကြသူတွေ ဟာ အဖွဲ့ ၃ ဖွဲ့ ခွဲပြီး လုပ်ဆောင် ခဲ့ကြတာ ဖြစ်တယ် လို့ ဒီ ဖြစ်ရပ် တွေ အပေါ် စုံစမ်း နေကြတဲ့ ပြင်သစ် အစိုးရ ရှေ့နေ တွေ က ပြောပါတယ်။
အဲဒီ့ တိုက်ခိုက်မှု တွေ ရဲ့ နောက်ကွယ်မှာ သူတို့ ရှိတယ် ဆိုပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS အဖွဲ့ က ကြေညာ ထားပါတယ်။
တိုက်ခိုက်မှု ကျူးလွန် ခဲ့ကြ သူ ၇ ဦး သေဆုံး ခဲ့ ကြတယ် လို့ ပြင်သစ် အစိုးရ ရှေ့နေ ဖရော်န်ဆွာ မိုလင် က ပြောပါတယ်။
သူတို့ အားလုံး ဟာ ကလပ်ရှ်ရှိနိကော့ဖ် အမျိုးအစား သေနတ် တွေ အပါအဝင် အသေခံ ဗုံးခွဲ ကိုယ်ကြပ် အင်္ကျီတွေ ဝတ်ဆင် ထား ကြပါတယ်။
တိုက်ခိုက် မှု တွေ ကြောင့် သေဆုံးခဲ့ ရသူ စုစုပေါင်း ၁၂၉ ယောက် ရှိပါတယ်။
သေနတ် သမားတွေ ဝင်ရောက် စီးနင်းပြီး လူအုပ်ထဲ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဘာ့ထာကလော်န် ဂီတပွဲ ခန်းမ မှာတင် ၈၉ ယောက် သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။
တိုက်ခိုက်သူတွေ ထဲ က တစ်ဦး ဟာ ပဲရစ် ဆင်ခြေဖုံး အရပ် က ဖြစ်ပြီး ရာဇဝတ်မှု ကျူးလွန်ဖူးကြောင်း မှတ်တမ်း ရှိသူ ဖြစ်ပါတယ်။
ဆီးရီးယား နိုင်ငံကူး စာအုပ် တစ်ခုကို အသေခံ ဗုံးခွဲခဲ့သူတွေ ထဲက တစ်ဦး ရဲ့ အနီး တွေ့ခဲ့ရပါတယ်။
သောကြာနေ့ အကြမ်းဖက်မှု တွေ ဟာ ပြင်သစ် နိုင်ငံ အပေါ် IS တွေ က စစ် ပွဲ ဆင်နွှဲ လာတာ ဖြစ်ပြီး ပြင်သစ် ဘက်က လည်း အညှာအတာ မရှိ တုန့်ပြန် မှာ ဖြစ်တယ် လို့ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က ပြောပါတယ်။








