မြောက်ကိုရီးယားတွေ ပြည်ပလွှတ် ခိုင်းစေခံနေရ

ဓာတ်ပုံ ရင်းမြစ်, AFP
မြောက်ကိုရီးယား နိုင်ငံသား ၅ သောင်းလောက်ဟာ နိုင်ငံခြား တိုင်းပြည်တွေကို စေလွှတ် ခံထားရပြီး အဓမ္မ အလုပ်ခိုင်းစေတယ်လို့ ဆိုနိုင်တဲ့ အခြေအနေ မျိုးတွေနဲ့ အလုပ်လုပ် နေရတယ်လို့ ကုလ သမဂ္ဂ စုံစမ်းရေး အရာရှိ တစ်ဦးက ပြောပါတယ်။
အဲဒီ အလုပ်သမားတွေဟာ အများနည်းတူ အကျိုးမခံစားရတဲ့ အပြင် တခါတလေ တစ်နေ့ နာရီ ၂၀ လောက်အထိ အလုပ် ခိုင်းစေတာ ခံနေရတယ်လို့ မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်သူ ကုလ အရာရှိ မစ္စတာ Marzuki Darusman က ပြောပါတယ်။
အလုပ်ရှင်တွေဟာ မြောက်ကိုရီးယား အစိုးရကိုတော့ အတော်လေး ပိုများတဲ့ ပမာဏကို တိုက်ရိုက် ပေးကြတယ်လို့ မစ္စတာ မာဇူကီရဲ့ အစီရင်ခံစာမှာ ဖော်ပြ ပါတယ်။
မြောက်ကိုရီးယား အလုပ်သမား အများစုဟာ တရုတ် နိုင်ငံနဲ့ ရုရှား နိုင်ငံတွေမှာ ရှိနေပြီး သတ္တုတွင်း လုပ်ငန်း၊ အထည်အလိပ် လုပ်ငန်းနဲ့ ဆောက်လုပ်ရေး နယ်ပယ်တွေမှာ အဓိက လုပ်ကိုင် နေတယ်လို့ ဆိုပါတယ်။
ပြည်ပရောက် မြောက်ကိုရီးယား အလုပ်သမားတွေဟာ သူတို့ နိုင်ငံအတွက် နိုင်ငံခြားငွေ ရှာပေးနေတဲ့ အရင်းအမြစ် တစ်ခု ဖြစ်ပါတယ်။ အဲဒီ အလုပ်သမားတွေ ဆီကနေ မြောက်ကိုရီးယား အစိုးရက နှစ်စဉ် ဒေါ်လာ ၁.၂ ဘီလျံ ရနေတယ်လို့ မစ္စတာ မာဇူကီက ခန့်မှန်းပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယား လက်နက် စမ်းသပ်မှုတွေကြောင့် ၂၀၀၆ ခုနှစ်ကတည်းက နိုင်ငံတကာ ပိတ်ဆို့မှုတွေ ခံထားရတဲ့အတွက် နိုင်ငံခြားငွေ ရရှိမယ့် လမ်းကြောင်းက ရှားပါး နေတာ ဖြစ်ပါတယ်။




