မြောက်ကိုရီးယား နျူစက်ရုံ ပြန်လည်ပတ်နေ

မြောက်ကိုရီးယားရဲ့ နျူလက်နက် အစီအစဉ်တွေ အတွက် ယုံဗြွန်း နျူစက်ရုံက ပလူတိုနီယံ ထုတ်ပေးနေ။

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားရဲ့ နျူလက်နက် အစီအစဉ်တွေ အတွက် ယုံဗြွန်း နျူစက်ရုံက ပလူတိုနီယံ ထုတ်ပေးနေ။

မြောက်ကိုရီးယား နိုင်ငံက သူ့ရဲ့ အဓိက နျူကလီးယား စက်ရုံ ဖြစ်တဲ့ ယုံဗြွန်း (Yongbyon) နျူစက်ရုံကို ပုံမှန် ပြန်လည် လည်ပတ်နေပြီလို့ ပြောလိုက်ပါတယ်။

သူတို့ရဲ့ နျူကလီးယား လက်နက်တွေကို အရေအတွက်ရော အရည်အသွေးပါ တိုးမြှင့်ဖို့ လုပ်ဆောင်နေပြီး၊ အမေရိကန် ပြည်ထောင်စုကို ရင်ဆိုင်ရာမှာ အချိန်မရွေး အသုံးပြုနိုင်ပြီလို့ မြောက်ကိုရီးယားက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ထွက်ပေါ်လာတဲ့ ဂြိုဟ်တု ပုံရိပ်တွေမှာလည်း ယုံဗြွန်း စက်ရုံက သက်ဝင် လှုပ်ရှားမှုတွေ တိုးမြှင့် နေတာကို မြင်တွေ့ ကြရပါတယ်။

မြောက်ကိုရီးယားက ဆက်သွယ်ရေး ဂြိုဟ်တု အများအပြားကို လွှတ်တင်မယ်လို့ ပြောခဲ့ပြီး နောက်တစ်ရက်မှာပဲ အခု ကြေညာချက် ထွက်ပေါ်လာတဲ့ အတွက် မြောက်ကိုရီးယား အနေနဲ့ တာဝေးပစ် ဒုံးကျည်တွေ ပစ်လွှတ်နိုင်ဖို့လည်း ကြိုးပမ်း နေတယ်လို့ ယူဆရပါတယ်။

အဲဒီ ကြေညာချက် ၂ ခုဟာ မြောက်ကိုရီးယားရဲ့ စစ်ရေး စွမ်းရည်နဲ့ ပတ်သက်ပြီး ကမ္ဘာကို တပ်လှန့် သတိပေး လိုက်တာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ယူဆကြပါတယ်။