ဆီးရီးယားက ရုရှားသံရုံးဝင်းထဲ ဒုံးကျည် ကျရောက်

ဒုံးကျည်တွေ မကျရောက်မီ သံရုံးရှေ့မှာ ထောက်ခံ ဆန္ဒပြသူတွေ ရှိနေခဲ့။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဒုံးကျည်တွေ မကျရောက်မီ သံရုံးရှေ့မှာ ထောက်ခံ ဆန္ဒပြသူတွေ ရှိနေခဲ့။

ဆီးရီးယား နိုင်ငံ၊ ဒမာ့စကပ်စ် မြို့က ရုရှား သံရုံးရှေ့မှာ ရုရှားကို ထောက်ခံသူတွေ စုဝေး ရောက်ရှိနေစဉ် သံရုံး ဝင်းထဲကို ဒုံးကျည် ၂ စင်း ကျရောက် ထိမှန် ခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။

ဒုံးကျည်တွေ ကျရောက် ထိမှန်မှုကြောင့် သေဆုံးသူ မရှိပေမယ့် လူအချို့ ဒဏ်ရာ ရခဲ့တယ်လို့ ဒမာ့စကပ်စ် မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒီ ဒုံးကျည်တွေကို ဒမာ့စကပ်စ်မြို့ အရှေ့ဘက်ကနေ ပစ်လွှတ်ခဲ့တာလို့ ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ဒုံးကျည်တွေ မကျရောက်မီ သံရုံး အပြင်ဘက်မှာ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ထောက်ခံ ဆန္ဒပြသူတွေက ရုရှား အလံတွေနဲ့ သမ္မတ ပူတင်ရဲ့ ရုပ်ပုံတွေကို ဝှေ့ယမ်းပြီး စုဝေး ရောက်ရှိ နေခဲ့တယ်လို့ ဆိုပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျေ လပ်ဗ်ရို့ဗ်က အဲဒီ တိုက်ခိုက်မှုကို အကြမ်းဖက်မှု တစ်ခု ဖြစ်တယ်လို့ ပြောလိုက်ပြီး ဘယ်သူ့ လက်ချက် ဆိုတာ သိရဖို့ ဆီးရီးယား အာဏာပိုင်တွေနဲ့ ပူးပေါင်း ဖော်ထုတ် သွားမယ်လို့ ဆိုပါတယ်။