ဆီးရီးယားသူပုန်တွေကို လက်နက်ခဲယမ်းတွေ အမေရိကန် ကြဲချပေး

ဆီးရီးယား ထဲမှာ အစ္စလာမစ် နိုင်ငံ အဖွဲ့ IS ကို တိုက်ခိုက် နေကြတဲ့ သူပုန် တွေ ကို အမေရိကန် စစ်တပ်ရဲ့ လေယာဉ် တွေ က ရာနဲ့ ချီတဲ့ ထောက်ပံ့ရေး ပစ္စည်း အထုပ်တွေ ကြဲချ ပေးခဲ့ ပါတယ်။
ဒီ ပစ္စည်းတွေ ထဲမှာ ကျည်ဆန်၊ လက်ပစ်ဗုံး နဲ့ ရော့ကက် ဒုံးကျည် တို့လို့ လက်နက် ခဲယမ်းမီးခြောက် တွေ ပါဝင် ပါတယ်။
C-17 အမျိုးအစား လေယာဉ် တွေ ဟာ တိုက်လေယာဉ် တွေ အစောင့်အရှောက် နဲ့ ဆီးရီးယား မြောက်ပိုင်းက ဟာဆာကာ ဆိုတဲ့ နယ်ထဲ ကို ပျံသန်းပြီး တန်ပေါင်း ၅၀ အလေးချိန် ရှိတဲ့ ထောက်ပံ့ရေး ပစ္စည်း တွေ ချပေး ခဲ့တယ်လို့ အမေရိကန် စစ်ဌာချုပ် ပဲန်တဂန် က ပြောပါတယ်။
တခါ၊ ရုရှား ကလည်း ဆီးရီးယား နိုင်ငံ အနှံ့အပြား က IS ပစ်မှတ် ၅၀ ကျော် ကို လေကြောင်း တိုက်ခိုက် ခဲ့တာ မှာ IS တို့ရဲ့ ကွပ်ကဲရေး စခန်းတွေ၊ လေ့ကျင့်ရေး နေရာတွေနဲ့ သိုလှောင် ရုံတွေ ကို ထိမှန် ခဲ့တယ်လို့ ရုရှား က ပြောပါတယ်။
ဒီအချိန်မှာပဲ၊ ဥရောပ သမဂ္ဂ EU အဖွဲ့ နိုင်ငံတွေ ရဲ့ နိုင်ငံခြားရေး ၀န်ကြီး တွေ ကတော့ ဆီးရီးယားထဲ ပြုလုပ် နေတဲ့ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ချက်ခြင်း ရပ်တန့် ဖို့ တောင်းဆို လိုက် ပါတယ်။
EU နိုင်ငံခြားရေး ဝန်ကြီးတွေ လာ့ဂ်ဇင်းဘာ့ဂ် နိုင်ငံမှာ တွေ့ဆုံ ခဲ့ကြ အပြီး အခုလို ထုတ်ပြန် လာတာ ဖြစ်ပါတယ်။
ရုရှား ရဲ့ ဆောင်ရွက်ချက် တွေ ကြောင့် ဆီးရီးယား ပဋိပက္ခ ပိုပြီး တာရှည် လာနိုင်တဲ့ အပြင် နိုင်ငံရေး အရ အဖြေရှာ ဖို့ ဆောင်ရွက် နေတာ တွေ ကိုလည်း ထိခိုက် စေတယ် လို့ ထုတ်ပြန် ချက် ထဲမှာ ပါဝင် ပါတယ်။




