ငြိမ်းချမ်းရေး နိုဘယ်လ်ဆု တူနီးရှား အဖွဲ့ ရရှိ

National Dialogue Quartet အဖွဲ့ဟာ တူနီးရှား လူမှုရေး အဖွဲ့အစည်း ၄ ခုက စေ့စပ်ညှိနှိုင်းသူတွေနဲ့ ဖွဲ့စည်းထား။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, National Dialogue Quartet အဖွဲ့ဟာ တူနီးရှား လူမှုရေး အဖွဲ့အစည်း ၄ ခုက စေ့စပ်ညှိနှိုင်းသူတွေနဲ့ ဖွဲ့စည်းထား။

၂၀၁၅ ခုနှစ် အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို တူနီးရှား နိုင်ငံ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ National Dialogue Quartet ဆိုတဲ့ အဖွဲ့ကို ချီးမြှင့် လိုက်ပါတယ်။

အဲဒီ အဖွဲ့ဟာ တူနီးရှား နိုင်ငံမှာ ရှိတဲ့ လူမှုကူညီရေး အသင်းအဖွဲ့ ၄ ခုက စေ့စပ် ညှိနှိုင်းသူတွေ ပေါင်းစပ် ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ၂၀၁၁ ခုနှစ် အာရပ်နွေဦး တော်လှန်ရေး နောက်ပိုင်း တူနီးရှား နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အရေးပါတဲ့ အခန်းက ပါဝင်ခဲ့တယ်လို့ နိုဘယ်ဆု ကော်မီတီက ပြောပါတယ်။

ပြည်တွင်းစစ် ဖြစ်လုနီးနီး တူနီးရှားကို နိုင်ငံရေးအရ အသွင် ကူးပြောင်းနိုင်အောင် Quartet အဖွဲ့က ကူညီ ပေးခဲ့တာလို့ ဆိုပါတယ်။

တူနီးရှား တော်လှန်ရေးဟာ အာရပ်နွေဦး တော်လှန်ရေးရဲ့ ပထမဆုံးနဲ့ အအောင်မြင်ဆုံး တော်လှန်ရေး ဖြစ်ပါတယ်။

အာရပ်နွေဦး တော်လှန်ရေးမှာ ပါခဲ့တဲ့ လစ်ဗျား၊ အီဂျစ်၊ ယီမင်နဲ့ ဆီးရီးယား တို့ကတော့ တူနီးရှားလို ဒီမိုကရေစီ နိုင်ငံအဖြစ် အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခြင်း မရှိခဲ့ပါဘူး။