ဒီအင်န်အေ ပြင်ဆင်ပုံ၊ ဓာတုဗေဒ နိုဘယ်ဆု ရရှိ

ဓာတ်ပုံ ရင်းမြစ်, Thinkstock
ယိုယွင်းသွားတဲ့ ဒီအင်န်အေ မော်လီကျူးကို ဆဲလ်တွေက ဘယ်လို ပြန်ပြင်သလဲ ဆိုတာ ထုတ်ဖော် တွေ့ရှိခဲ့တဲ့ ပညာရှင် ၃ ဦးက ၂၀၁၅ ခုနှစ်အတွက် ဓာတုဗေဒ နိုဘယ်ဆုကို ပူးတွဲ ရရှိသွားပါတယ်။
ဆွီဒင် နိုင်ငံသား Tomas Lindahl၊ အမေရိကန် နိုင်ငံသား Paul Modrich နဲ့ တူရကီ နွယ်ဖွား Aziz Sancar တို့ ၃ ဦးကို ဆွီဒင် နိုင်ငံ၊ စတော့ဟုမ်း မြို့မှာ ဓာတုဗေဒ နိုဘယ်ဆုအတွက် ရွေးချယ် ခဲ့တာပါ။
ဒီအင်န်အေ မော်လီကျူးကို ဆဲလ်တွေက ပြန်ပြင်ပုံအကြောင်း သူတို့ ၃ ဦးရဲ့ တွေ့ရှိမှုဟာ သက်ရှိ ဆဲလ်တွေမှာ အခြေခံကျတဲ့ ဖြစ်စဉ် ဖြစ်သလို၊ ကင်ဆာ ရောဂါ အတွက်လည်း အရေးကြီး ပါတယ်။
သူတို့ကြောင့် သက်ရှိ ဆဲလ်တွေရဲ့ အလုပ်လုပ်ပုံအကြောင်း အတွင်းကျကျ သိလာရသလို ကင်ဆာ ရောဂါ ကုထုံးသစ်တွေ ထုတ်ဖော်ရာမှာလည်း အထောက်အကူ ဖြစ်လာ နိုင်တယ်လို့ ဆွီဒင် သိပ္ပံ အကယ်ဒမီက ပြောပါတယ်။




