ဆီးရီးယားမှာ ရုရှား လေကြောင်းတိုက်ခိုက်မှု စတင်

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးရီးယား နိုင်ငံမှာ သမ္မတ အာဆတ်ရဲ့ ရန်သူ အဖွဲ့တွေ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေကို ရုရှား နိုင်ငံက စတင် လုပ်ဆောင် လိုက်ပြီလို့ အမေရိကန် ကာကွယ်ရေး ဌာန အရာရှိ တစ်ဦးက ပြောပါတယ်။
ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ဆီးရီးယား အနောက်ပိုင်းက ဟုမ်းစ်မြို့ တဝိုက်မှာ စတင် ခဲ့တာလို့ အဲဒီ အမေရိကန် အရာရှိက ဆိုပါတယ်။
ရုရှားက အခုလို လေကြောင်း တိုက်ခိုက်မှုတွေ မလုပ်ခင်မှာ အမေရိကန် အစိုးရကို ကြိုတင် အသိပေးခဲ့တာပါ။
ဆီးရီးယား သမ္မတ အာဆတ်ကို ရာထူးကနေ ဆင်းပေးဖို့ အမေရိကန်နဲ့ သူ့ မဟာမိတ်တွေက တောင်းဆို နေခဲ့ပေမယ့် ရုရှားကတော့ သမ္မတ အာဆတ် ရာထူးမှာ ဆက်ရှိနေဖို့ ကူညီ ပေးနေခဲ့ပါတယ်။
၄ နှစ် ကြာခဲ့တဲ့ ဆီးရီးယား ပြည်တွင်းစစ်မှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့နဲ့ တခြား အစ္စလာမ္မစ် အဖွဲ့အချို့ အပါအဝင် လက်နက်ကိုင် အဖွဲ့ တွေက သမ္မတ အာဆတ် အစိုးရကို တိုက်ခိုက် နေကြတာပါ။
သမ္မတ အာဆတ်က ရုရှားရဲ့ စစ်ရေး အကူအညီကို တရားဝင် တောင်းခံခဲ့တဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ အပြီးမှာ အခုလို ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။




