ဟာ့ဂျ်ဘုရားဖူးတွေ သေဆုံးမှု ဆော်ဒီ ဝေဖန်ခံရ

ဓာတ်ပုံ ရင်းမြစ်, AP
ဆော်ဒီ အာရေဗျ နိုင်ငံ၊ မက္ကာမြို့ အနီးမှာ လူအုပ်ပိလို့ ဟာ့ဂျ် ဘုရားဖူး ၇၁၇ ယောက် သေဆုံးခဲ့ရပြီး ၈၆၃ ယောက် ဒဏ်ရာရခဲ့တဲ့ ကိစ္စအပေါ် အီရန်နဲ့ တခြား နိုင်ငံတွေက ဝေဖန် ပြောဆို ခဲ့ကြပါတယ်။
အီရန်ရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အမြင့်ဆုံး ကောင်စီက ဆော်ဒီ အစိုးရရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းတယ်လို့ စွပ်စွဲလိုက်ပြီး သေဆုံးသူတွေအတွက် တာဝန်ခံဖို့ တိုက်တွန်း လိုက်ပါတယ်။
နိုင်ဂျီးရီးယား အစိုးရကတော့ ဘုရားဖူးတွေဟာ ညွှန်ကြားချက်အတိုင်း မလိုက်နာခဲ့ဘူး ဆိုတဲ့ ဆော်ဒီ ကျန်းမာရေး ဝန်ကြီးရဲ့ ပြောကြားချက်ကို ပယ်ချ ခဲ့ပါတယ်။
ဆော်ဒီ ဘုရင် ဆော်လ်မန်က ဟာ့ဂျ် ဘုရားဖူး အစီအစဉ် တစ်ခုလုံးရဲ့ လုံခြုံရေးကို ပြန်သုံးသပ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
ကြာသပတေးနေ့က မီနာ အရပ်မှာ ဟာ့ဂျ် ဘုရားဖူးတွေ နောက်ဆုံး ပြုလုပ်ရမယ့် အစီအစဉ်အတွင်း ဘုရားဖူး ၂ သန်းလောက် ပါဝင်ခဲ့ပြီး တိုးမိ တိုက်မိခဲ့ကြရာက သေဆုံး ဒဏ်ရာ ရခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ ဟာ့ဂျ် ဘုရားဖူး ခရီးစဉ်ကို မြန်မာနိုင်ငံကလည်း လူ ၃ ထောင့် ၈ ရာကျော် သွားရောက်ခဲ့ပြီး အနည်းဆုံး ၆ ဦး သေဆုံးတယ်လို့ အခုချိန်အထိ အတည်ပြုနိုင်ကြောင်း သတင်း ရရှိပါတယ်။




