စစ်ရေးမူဝါဒကို ပြောင်းလဲတဲ့ ဥပဒေ ဂျပန် ပါလီမန်က အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျပန် နိုင်ငံရဲ့ လက်နက်ကိုင် တပ် တွေ ကို ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ပထမဆုံး အကြိမ် နိုင်ငံရပ်ခြား ဒေသတွေ မှာပါ စစ်တိုက်ခွင့် ပြုလာတဲ့ အငြင်းပွားဖွယ် ဥပဒေ ကို ဂျပန် ပါလီမန်က အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။
ဂျပန် နိုင်ငံရဲ့ အခြေခံ ဥပဒေ ဟာ ဒေသတွင်း လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှု တွေကိုပါ စစ်တပ် အနေနဲ့ တုန့်ပြန် နိုင်စွမ်း ပေးမထား လို့ အခုလို လုပ်ဆောင် ရတာ ဖြစ်တယ် ဆိုပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။
အခုလို ဥပဒေအရ ပြင်ဆင် ပြောင်းလဲ လိုက်တဲ့ အတွက် မလိုလားအပ်တဲ့ စစ်ပွဲတွေ မှာ ဂျပန် စစ်တပ် ပါဝင် တိုက်ခိုက် လာရမယ့် အဖြစ်မျိုး ရောက်လာနိုင်တယ် ဆိုပြီး ဝေဖန်သူတွေ ကတော့ ဆိုပါတယ်။
ဂျပန် နိုင်ငံမှာ စစ်ရေးဆိုင်ရာ မူဝါဒ အခုလို အပြောင်းအလဲ ဖြစ်လာတဲ့ အပေါ် ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်တပ် တွေ ရဲ့ ဒဏ်ကို ဆိုးရွားစွာ ခံခဲ့ရတဲ့ နိုင်ငံတွေ က အသေအချာ စောင့်ကြည့် နေကြတယ် ဆိုပြီး တိုကျို မြို့တော်က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။




