ဂျပန် လုံခြုံရေးဆိုင်ရာဥပဒေ၊ ကော်မီတီ အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, AP
ဂျပန် နိုင်ငံမှာ ကန့်ကွက်သူ တွေကြောင့် အငြင်းပွားဖွယ် ဖြစ်နေတဲ့ စစ်တပ် အခန်းကဏ္ဍ တိုးချဲ့ဖို့ ဥပဒေကို ဂျပန် လွှတ်တော်မှာ ဥပဒေပြု ကော်မတီက အတည်ပြုလိုက်ပြီး၊ အမတ်တွေ အကြား ကိုယ်ထိ လက်ရောက် လုံးထွေး ငြင်းခုန်မှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီ ဥပဒေကို ဆန့်ကျင်တဲ့ အမတ်တွေက ကော်မီတီ မဲပေးမှုကို ကိုယ်ထိ လက်ရောက် ဟန့်တားခဲ့ကြပြီး၊ ကော်မီတီ ဥက္ကဋ္ဌကို ဝိုင်းအုံ တိုးဝှေ့ကာ မိုက်ကရိုဖုန်းနဲ့ စာရွက်စာတန်း တွေကို လုယူဖို့ ကြိုးစား ခဲ့ကြပါတယ်။
ဂျပန် စစ်တပ်ရဲ့ အခန်းကဏ္ဍကို ချဲ့ထွင်မယ့် အဲဒီ ဥပဒေကို ကော်မီတီက အတည်ပြု လိုက်တဲ့ အတွက် အဟန့်အတား တစ်ခုကို ကျော်လွှား နိုင်ခဲ့တာ ဖြစ်ပြီး၊ အခုတော့ နောက်ဆုံး အတည်ပြုချက်ကို အထက် လွှတ်တော်မှာ ရယူရမှာ ဖြစ်ပါတယ်။
ဒီဥပဒေ အတည်ဖြစ်ခဲ့ရင် ဂျပန် စစ်တပ် အနေနဲ့ နိုင်ငံပြင်ပက သူ့မဟာမိတ်တွေကို စစ်ရေးအရ အကာအကွယ် ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ဂျပန် ပြည်တွင်းမှာတော့ ဒီဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြတာ မဟုတ်ဘဲ၊ ကော်မီတီ ဆွေးနွေးချိန်အတွင်း ပါလီမန် အပြင်ဘက်မှာ ထောင်နဲ့ချီတဲ့ လူတွေ ကန့်ကွက် ဆန္ဒပြ ခဲ့ကြပါတယ်။




