ဂျပန် ရေကြီးမှု၊ ကယ်ဆယ်ရေး ဆက်လက် ဆောင်ရွက်

ဓာတ်ပုံ ရင်းမြစ်, AFP
ဂျပန် နိုင်ငံ အရှေ့မြောက်ပိုင်းက လူ ၃ ဦး သေဆုံးပြီး အများအပြား ပိတ်မိနေဆဲ ဖြစ်တဲ့ ရေလွှမ်းမိုးရာ ဒေသတွေမှာ ကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
ခုချိန်အထိ လူ ၂၄ ဦး ပျောက်ဆုံး နေပြီး ၂၇ ဦး ဒဏ်ရာရခဲ့ကာ၊ ၈ ဦးက ဒဏ်ရာ ပြင်းထန်တယ်လို့ ဆိုပါတယ်။
ပြင်းထန်တဲ့ ရာသီဥတု အခြေအနေကြောင့် မိုးရွာသွန်းမှု ဆက်လက် များနိုင်ပြီး မြေပြိုမယ့် အန္တရာယ်တွေ ရှိနေတယ်လို့ ဂျပန် အရာရှိတွေက သတိပေး ထားပါတယ်။
အခု သီတင်းပတ် အစောပိုင်းက ဂျပန်ကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ အပူပိုင်း မုန်တိုင်း တစ်ခုကြောင့် အခုလို မိုးရွာသွန်းမှုတွေ အဆမတန် များပြားခဲ့တာ ဖြစ်ပါတယ်။
ရေကြီးတဲ့ ဧရိယာက တိုကျိုမြို့ အရှေ့မြောက်ဘက် အီဘာရာကီ နယ်ကနေ မိုင် ၂၀၀ ကျော် ဝေးတဲ့ မီယာဂျီ နယ်အထိ ကျယ်ပြန့်တယ်လို့ ဆိုပါတယ်။




