ရွှေ့ပြောင်းသူတွေကို ခရိုအေးရှား လက်ခံမှာမဟုတ်

ဓာတ်ပုံ ရင်းမြစ်, Getty
ခရိုအေးရှား နိုင်ငံထဲ ဝင်လာနေတဲ့ ရွှေ့ပြောင်း သူတွေကို ဟန်ဂေရီ နယ်စပ်ဆီ ဦးတည် လွှဲပြောင်း ပို့လွှတ်သွားမှာ ဖြစ်တယ်လို့ ခရိုအေးရှား အစိုးရက ပြောလိုက်ပါတယ်။
တရားဝင် နယ်စပ် လမ်းကြောင်းတွေ ပိတ်လိုက်ပေမယ့် ဆားဗီးယား ဘက်ကနေ ရွှေ့ပြောင်းသူတွေ ထပ်ဝင်လာဆဲ ဖြစ်ပြီး၊ ဗုဒ္ဓဟူးနေ့ကနေ ခုချိန်အထိ ဝင်ရောက်လာသူပေါင်း ၁ သောင်း ၃ ထောင်ကျော် သွားပြီလို့ ခရိုအေးရှား ဝန်ကြီးချုပ် Zoran Milanovic က ပြောပါတယ်။
ဒီအခြေအနေကို ကိုင်တွယ်နိုင်စွမ်း မရှိတော့ဘဲ ခရိုအေးရှား အနေနဲ့ တခြား နည်းလမ်း မရှိတော့ဘူးလို့ မစ္စတာ မီလန်နိုဗစ်ချ်က ပြောပါတယ်။
ဒါပေမယ့် ဟန်ဂေရီကလည်း ခရိုအေးရှားနဲ့ နယ်စပ်မှာ သံစည်းရိုးတွေ ကာရံနေပြီး မြောက်ဘက်က စလိုဗေးနီးယား နိုင်ငံကလည်း နယ်စပ် ထိန်းချုပ်မှုတွေ လုပ်နေပါတယ်။
ဘော်လ်ကန် ဒေသကို ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းသူတွေဟာ ဥရောပ အနောက်ပိုင်းနဲ့ မြောက်ပိုင်း နိုင်ငံတွေကို ရောက်ရှိဖို့ မျှော်လင့်ထားကြတာ ဖြစ်ပြီး အခုတော့ နယ်စပ် လမ်းကြောင်း အများစုကို နိုင်ငံအသီးသီးက ထိန်းချုပ် လိုက်ကြပြီ ဖြစ်ပါတယ်။




