ဒုက္ခသည်အရေးဥရောပမှာသဘောထားကွဲနေဆဲ

ဒုက္ခသည် တွေက နယ်စပ်တွေကို အတင်းဖြတ်ကျော် ဖို့ ကြိုးစား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဒုက္ခသည် တွေက နယ်စပ်တွေကို အတင်းဖြတ်ကျော် ဖို့ ကြိုးစား

ခရိုအေးရှား နိုင်ငံကနေ ရထားနဲ့ ရောက်လာပြီး ဆလိုဗီးနီးယားနိုင်ငံကို ဖြတ်သွားမယ့် ရွှေ့ပြောင်း ဒုက္ခသည် အုပ်စုကြီး တစုကို တားဆီးလိုက်နိုင်တယ်လို့ ဆလိုဗီးနီးယား အာဏာပိုင်တွေက ပြောပါတယ်။

လူ၂၀၀လောက်ကို တင်ဆောင်လာတဲ့ ရထားတစင်း ကို ဆလိုဗီးနီးယား နိုင်ငံ နယ်စပ် ဒိုဘိုဗာမြို့က ဘူတာရုံတခုမှာ ရပ်တန့် တားဆီးခဲ့တယ်လို့ ဆလိုဗီးနီးယား ရဲတပ်ဖွဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

ရထားပေါ် ပါလာသူတွေကို ခရိုအေးရှားနိုင်ငံဆီ ပြန်ပို့မယ်လို့ ဆလိုဗီးနီးယား အစိုးရ သတင်းအေဂျင်စီက ပြောပါတယ်။

ဆားဘီးယားကနေ ဖြတ်သန်း ဝင်ရောက်လာတဲ့ နောက်ထပ် ရွှေ့ပြောင်း ဒုက္ခသည်တွေကို ခရိုအေးရှား နိုင်ငံမှာ လက်ခံနိုင်စွမ်း ရှိတော့မှာ မဟုတ်ကြောင်းနဲ့ ခရိုအေးရှား နယ်စပ်ကို ကာကွယ်ဖို့အတွက် တကယ်လို့ လိုအပ်ရင် စစ်တပ်ကို အသင့်ပြင်ထားဖို့ ပြောထားပြီး ဖြစ်ကြောင်း ခရိုအေးရှား အစိုးရက အစောပိုင်းတုန်းက ပြောပါတယ်။

ခရိုအေးရှားနိုင်ငံထဲမှာ ရောက်နှင့်ပြီးသား ရွှေ့ပြောင်းဒုက္ခသည်တွေ ကတော့ အဲဒီမှာ ခိုလှုံခွင့် တောင်းခံနိုင်ကြောင်း အဲဒီလို မလုပ်ဘူး ဆိုရင်တော့ တရားမဝင် ဝင်လာသူတွေအဖြစ် သတ်မှတ်မှာ ဖြစ်ကြောင်း ခရိုအေးရှား ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ဟန်ဂေရီက နယ်စပ်ကို ပိတ်လိုက်တဲ့ အတွက် ခရိုအေးရှားကို လမ်းကြောင်း ပြောင်းပြီး ဝင်လာတဲ့ သူတွေ ဟာ သူတို့ကို တားဆီးဖို့ ကြိုးစားတဲ့ ရဲတွေနဲ့ ကြာသပတေး နေ့တုန်းက ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ ပါသေးတယ်။

ဒါပေမယ့် ခရိုအေးရှားကို ဝင်လာသူ တွေဟာ အဲဒီမှာ နေဖို့ထက် ဆလိုဗေးနီးယားကို ဖြတ်ပြီး ပိုချမ်း သာတဲ့ ဂျာမနီ၊ သြစတြီးယား၊ ဆွစ်ဇာလန် တို့လို နိုင်ငံ တွေဆီ သွားချင် နေကြတာ ဖြစ်ပါတယ်။