ရွှေ့ပြောင်းသူအရေး၊ ဟန်ဂေရီ အရေးပေါ်အခြေအနေ ကြေညာ

ဟန်ဂေရီ-ဆားဗီးယား နယ်စပ်က အသစ် ကာရံလိုက်တဲ့ စည်းရိုးမှာ လူ ရာနဲ့ချီ ဝင်ရောက်ဖို့ စောင့်ဆိုင်းနေ။

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, ဟန်ဂေရီ-ဆားဗီးယား နယ်စပ်က အသစ် ကာရံလိုက်တဲ့ စည်းရိုးမှာ လူ ရာနဲ့ချီ ဝင်ရောက်ဖို့ စောင့်ဆိုင်းနေ။

ဟန်ဂေရီ နိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူတွေကို တားဆီးဖို့ တင်းကျပ်တဲ့ ဥပဒေတွေ စတင် သက်ရောက် လာပြီးနောက် တောင်ပိုင်း ပြည်နယ် နှစ်ခုမှာ အရေးပေါ် အခြေအနေ ကြေညာ ခဲ့ပါတယ်။

တောင်ပိုင်းက ဆားဗီးယားနဲ့ နယ်စပ်မှာ သံစည်းရိုးကို ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးစားတဲ့ လူပေါင်း ၆၀ ကို ဖမ်းဆီး ခဲ့တယ်လို့ ဟန်ဂေရီ ရဲတပ်ဖွဲ့က ပြောပါတယ်။

အရေးပေါ် အခြေအနေကြောင့် ရဲတွေကို လုပ်ပိုင်ခွင့် ပိုမို ရရှိစေပြီး၊ ပါလီမန်က အတည်ပြုခဲ့ရင် တပ်ဖွဲ့ဝင်တွေပါ စေလွှတ် နိုင်မယ်လို့ ဆိုပါတယ်။

ဆီးရီးယား အပါအဝင် ဆင်းရဲတဲ့ နိုင်ငံတွေက ထွက်ပြေး လာသူတွေ ဥရောပကို စုပြုံ ဝင်ရောက်လာတဲ့ ပြဿနာကို အီးယူ နိုင်ငံတွေ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဂျာမနီနဲ့ သြစတြီးယား နှစ်နိုင်ငံက ဒီပြဿနာနဲ့ ပတ်သက်ပြီး လာမယ့် သီတင်းပတ်အတွင်း အီးယူ ခေါင်းဆောင်တွေ အရေးပေါ် ဆွေးနွေးကြဖို့ တောင်းဆို လိုက်ပါတယ်။

ရွှေ့ပြောင်း ဝင်ရောက်သူ ပြဿနာဟာ ဥရောပ သမဂ္ဂ တစ်ဖွဲ့လုံးရဲ့ ပြဿနာ ဖြစ်ပြီး အီးယူ နိုင်ငံတွေ အားလုံး အတူတကွ ဖြေရှင်းရမှာ ဖြစ်တယ်လို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်က ပြောပါတယ်။