ဒုက္ခသည်တွေ သြစတြီးယားနဲ့ဂျာမဏီ ကို ဝင်ရောက်

ဓာတ်ပုံ ရင်းမြစ်, AP
ဟန်ဂေရီမှာ ရက်အတန်ကြာ ဘယ်မှ ဆက်မသွားနိုင်ပဲ ဖြစ်နေတဲ့ ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ ဒုက္ခသည်တွေ ဟာ သြစတြီးယားနဲ့ ဂျာမဏီကို ဆက်ပြီး ထွက်ခွာနေကြပါတယ်။
ဟန်ဂေရီ ကလည်း ဒီ ဒုက္ခသည်တွေ ကို သြစတြီးယား နယ်စပ် ကိုပို့ဆောင်ပေးနေပြီး ဘူဒါပတ်စ က ထွက်ခွာတဲ့ ရထားတွေကနေ တဆင့်လည်း သူတို့ကို ထွက်ခွာခွင့်ပေးနေပါတယ်။
ဒုက္ခသည်တွေကို သယ်ဆောင်ဖို့အတွက် သြစတြီးယား အစိုးရက ၂နိုင်ငံနယ်စပ် ကို ဘတ်စ်ကားတွေ ၂ ရက်မြောက် နေ့အဖြစ် စေလွှတ် နေပါတယ်။
သူတို့ကို ကြိုဆိုလက်ခံရေး စခန်းတွေ ကို ပို့ဆောင်မှာပါ။
သြစတြီးယား ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဟဲလ်မတ် မာဘန် က အများအပြား ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေ ကို လက်ခံထား နိုင်ဖို့အတွက် အန်ဂျီအိုတွေ၊ ကြက်ခြေနီအဖွဲ့တွေ နဲ့အတူ သြစတြီးယား စစ်တပ် ကလည်း အကူအညီ ပေးနိုင်ဖို့ သူတို့ အရင် သီတင်းပတ် တွေ ကတည်းက စီစဉ်ထားကြောင်း ပြောပါတယ်။
စနေနေ့ တရက်တည်းတင် သြစတြီးယားကို ဒုက္ခသည် တသောင်းလောက် ဝင်ရောက်ခဲ့ကြပြီး သူတို့ဟာ ဂျာမဏီ ကို ဆက်လက် ထွက်ခွာကြပါတယ်။




