ဘန်ကောက်ဗုံး၊ အဓိက မသင်္ကာသူ တူရကီကို ပြေး

ဓာတ်ပုံ ရင်းမြစ်, epa
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဧရာဝဏ် နတ်ကွန်း ဗုံးခွဲမှုမှာ အဓိက သံသယရှိသူ တစ်ဦးဟာ တူရကီ နိုင်ငံကို ထွက်ပြေး သွားခဲ့တယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
Abudusataer Abudureheman ဆိုသူဟာ လူ ၂၀ သေဆုံး ခဲ့ရတဲ့ အဲဒီ ဗုံးခွဲမှုကို ဦးဆောင် စီစဉ်ခဲ့သူ ဖြစ်တယ်လို့ ထိုင်းရဲတွေက ယုံကြည် ထားကြပါတယ်။
သူဟာ တရုတ်နိုင်ငံ ရှင်ဂျန်း ပြည်နယ်က ဖြစ်ပြီး သြဂုတ် လကုန်ပိုင်းက တူရကီ နိုင်ငံ၊ အီစတန်ဘူ မြို့ကို ထွက်ပြေးခဲ့တယ်လို့ ယူဆရပါတယ်။
Abudusataer အတွက် ဖမ်းဝရမ်းကို ထိုင်းရဲတပ်ဖွဲ့က အခု သီတင်းပတ် အကုန်မှာ ထုတ်ခဲ့ပါတယ်။ ထိုင်း ရဲတပ်ဖွဲ့ ပြောခွင့်ရသူရဲ့ အဆိုအရ အဲဒီလူဟာ သြဂုတ် ၁၆ ရက်မှာ ထိုင်းနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်၊ သြဂုတ် ၃၀ ရက်မှာ အိန္ဒိယနိုင်ငံ ဒေလီမြို့၊ ဒေလီက တဆင့် ယူအေအီးနိုင်ငံ အဘူဒါဘီမြို့၊ အဲဒီနောက် သြဂုတ် ၃၁ ရက်မှာ အီစတန်ဘူမြို့ကို သွားခဲ့တယ်လို့ ဆိုပါတယ်။
အစောပိုင်းကတော့ မလေးရှား ရဲတပ်ဖွဲ့ကလည်း ဘန်ကောက် ဗုံးခွဲသူတွေကို ကူညီခဲ့တယ် ဆိုတဲ့ သံသယနဲ့ လူ ၃ ဦးကို ဖမ်းဆီး ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
ထိုင်းရဲတွေကတော့ ခုချိန်အထိ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီး ထားခဲ့ပြီး အဲဒီထဲက တစ်ယောက်ကတော့ ဗုံးအိတ်ကို လက်လွှဲပြောင်း ပေးခဲ့သူလို့ ဝန်ခံ ထားပါတယ်။
အခင်းဖြစ်ရာ နေရာမှာ ဗုံးထောင်ခဲ့တဲ့ စီစီတီဗီ ထဲက တီရှပ် အဝါရောင်နဲ့ လူကိုတော့ ခြေရာခံနိုင်ခြင်း မရှိသေးဘဲ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။




